ပြီးခဲ့တဲ့ ဇန်နဝါရီအတွက် ပရီးမီးယားလိဂ်တလတာ အကောင်းဆုံး ကစားသမားဆုကို ယူနိုက်တက်ဂိုးသမား ဒီဂီယာက ဆွတ်ခူးရရှိခဲ့ပါတယ်။ ဒါဟာ (၂၀၁၆) နောက်ပိုင်း ဂိုးသမားတယောက်က ပရီးမီးယားလိဂ်တလတာ အကောင်းဆုံးဆုကို ပထမဆုံးအနေနဲ့ ပြန်လည်ဆွတ်ခူးတာလည်းဖြစ်ပါတယ်။

ဒါ့အပြင် ဒီဂီယာဟာ ယူနိုက်တက်ကို ရောက်ရှိလာပြီးနောက်ပိုင်း ဒီဆုကို ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်ဂိုးပေါက်အတွက် မရှိမဖြစ် နေရာက ဒီဂီယာတယောက် အကောင်းဆုံး အသုံးတော်ခံနေပြီး နောက်တန်းအားနည်းချက်တွေကြောင့် ဂိုးတွေပေးနေရပေမယ့် သူ့ရဲ့ဂိုးပေါက်ကာကွယ်နှုန်းက အံ့အားသင့်စရာကောင်းခဲ့ပါတယ်။

ဇန်နဝါရီအတွင်း ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲတွေမှာ ယူနိုက်တက် ဂိုးမပေးရတဲ့ပွဲတပွဲသာရှိခဲ့ပေမယ့် ဘရန့်ဖို့ဒ်၊ အက်စတွန်ဗီလာတို့နဲ့ပွဲတွေမှာ ဒီဂီယာက အံ့အားသင့်ဖွယ် ကာကွယ်မှုတွေကို ပြုလုပ်နိုင်ခဲ့ပါတယ်။ အထူးသဖြင့် ဘရန့်ဖို့ဒ်ကို အဝေးကွင်းမှာ နိုင်ခဲ့တဲ့ပွဲတုန်းက ပထမပိုင်းမှာ ဒီဂီယာက ပြိုင်ဘက်ရဲ့ အပိုင်အခွင့်အရေးတွေကို အကြိမ်ကြိမ် ကာကွယ်ပြခဲ့တာဖြစ်ပါတယ်။
ဒီဂီယာအနေနဲ့ ဒီတလလုံးမှာ ဂိုးပေါက်ကာကွယ်မှု (၂၂) ကြိမ်အထိရှိခဲ့ပြီး အခုလိုမျိုးပဲ သူ့အတွက် အမှတ်ရစရာ ဆုတခုကို ဆွတ်ခူးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ တလတာ အကောင်းဆုံးနည်းပြဆုကိုတော့ ဝုလ်ဗ်နည်းပြ ဘရူနိုလေ့ချ်က ရရှိခဲ့ပါတယ်။
ဝုလ်ဗ်ဟာ ဇန်နဝါရီအတွင်း ကစားခဲ့တဲ့ ယူနိုက်တက်၊ ဆောက်သမ်တန်၊ ဘရန့်ဖို့ဒ်နဲ့ သုံးပွဲလုံးမှာ နိုင်ပွဲတွေ ဆက်တိုက်ရရှိခဲ့တာကြောင့် ဒီဆုနဲ့ ပတ်သက်လို့ အငြင်းပွားစရာ မရှိ ဆွတ်ခူးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ အကောင်းဆုံးသွင်းဂိုးဆုကိုတော့ ချဲလ်ဆီးကွင်းလယ်လူ ကိုဗာဆစ်ကရရှိခဲ့ပါတယ်။
ကိုဗာဆစ်ဟာ လီဗာပူးနဲ့ နှစ်ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ အသင်းအတွက် အရေးပါတဲ့ ပထမချေပဂိုးကို လှပတဲ့ volley ကန်ချက်နဲ့ ဧရိယာထိပ်ကနေ အပြင်းကန်သွင်းခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီး ကစားသမား ဇီယက်ချ်ကလည်း စပါးကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ ပြိုင်ဘက် ဂိုးသမား ငုတ်တုတ်မေ့သွားလောက်အောင် လှပတဲ့ သွင်းဂိုးတဂိုးကို သွင်းယူနိုင်ခဲ့ပေမယ့် ကိုဗာဆစ်ကပဲ ဇန်နဝါရီအတွက် တလတာ အကောင်းဆုံးသွင်းဂိုးဆုကို ဆွတ်ခူးသွားခဲ့တာလည်းဖြစ်ပါတယ်။