In partnership with  logo
အမျိုးသမီးအရေအတွက် ပိုမိုများပြားတဲ့ အလုပ်ခွင်၊ ကုမ္ပဏီတစ်ခုဟာ အမျိုးသားဦးရေပိုများတဲ့ အခြားအလုပ်ခွင်၊ ရုံးစတာတွေထက် အောင်မြင်မှုပိုရတယ်။

၂၁ ရာစုမှာ ကျွန်မတို့အမျိုးသမီးတွေအနေနဲ့ နယ်ပယ်အသီးသီးမှာ အရင်ကထက်ပိုပြီး နေရာရလာကြသလို အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ပိုမိုရရှိလာခဲ့တဲ့အပြင် အောင်မြင်မှုဆိုတဲ့ အသီးအပွင့်တွေကိုလည်း ပိုမိုဆွတ်ခူးလာနိုင်ခဲ့ပါပြီ။

အမျိုးသမီးတစ်ယောက်အနေနဲ့ ကိုယ်ဘယ်လောက်ထိ လုပ်နိုင်စွမ်းရှိတယ်ဆိုတာ ပြသနိုင်ဖို့အတွက်လည်း လမ်းတွေအများကြီး ပွင့်လာပြီလို့ ဆိုရပါလိမ့်မယ်။ ဟိုးအရင်ကဆို အလုပ်အင်တာဗျူး တွေမှာ အမျိုးသမီးနဲ့အမျိုးသား နှစ်ယောက်ယှဉ် အင်တာဗျူးတဲ့အခါ ရာထူးကြီးတဲ့နေရာအတွက် အမျိုးသားတွေကိုသာ ခန့်ထားလေ့ရှိကြပါတယ်။ ခုအခါမှာတော့ ဒီလိုအစွဲတွေ၊ လုပ်ထုံးလုပ်နည်းတွေ နည်းပါးလာခဲ့သလို အမျိုးသားနဲ့အမျိုးသမီး နှိုင်းယှဉ်တာမျိုးတွေ အရင်ကထက်စာရင် တော်တော်လေး လျော့နည်းလာပြီလို့ ဆိုနိုင်ပေမယ့် ကျွန်မတို့ အမျိုးသမီးတွေဟာ ကိုယ့်ရဲ့အလုပ်ခွင်နယ်ပယ်မှာ အမျိုးသားတွေထက်တော့ ကြိုးစားရုန်းကန်နေရဆဲပါ။

စစ်တမ်းကောက်ချက်တွေအရ သိရတာကတော့ အမျိုးသမီးအရေအတွက် ပိုမိုများပြားတဲ့ အလုပ်ခွင်၊ ကုမ္ပဏီတစ်ခုဟာ အမျိုးသားဦးရေပိုများတဲ့ အခြားအလုပ်ခွင်၊ ရုံးစတာတွေထက် အောင်မြင်မှုပိုရတယ် ဆိုတာပါပဲ။ ဒါဟာ ဘာကြောင့်များလဲဆိုတော့ အမျိုးသမီးတွေဟာ အလုပ်ကို ပိုအာရုံစိုက်တတ်ကြတယ်၊ သတ်မှတ်ထားတဲ့ အချိန်တစ်ခုအတွင်း အလုပ်ပြီးအောင် အကောင်းဆုံး လုပ်ဆောင်တတ်ကြသလို တာဝန်ယူစိတ်လည်း ပိုများလို့ပါတဲ့။ အခုလိုပြောလို့ အမျိုးသားဝန်ထမ်းတွေရဲ့ လုပ်နိုင်စွမ်း၊ စွမ်းဆောင်ရည်ကလည်း အမျိုးသမီးဝန်ထမ်းတွေထက် နည်းတယ်၊ လျော့တယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ အမျိုးသမီးဝန်ထမ်းရဲ့ စွမ်းဆောင်ရည်နဲ့ အမျိုးသားဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်ဟာ အလုပ်ခွင်မှာ သူ့နေရာနဲ့သူ အံဝင်ခွင်ကျ ဖြစ်နေတတ်တာမျိုးကို ထောက်ပြချင်တာပါ။

ဒါပေမယ့် အလုပ်ခွင်တော်တော်များများမှာ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ယှဉ်ရင် တန်းတူညီမျှတဲ့ အခွင့်အရေးကို ပုံမှန်မရတတ်သလို ဝင်ငွေလစာ၊ အဆင့်ရာထူး၊ တလေးတစား အဆက်အဆံခံရမှု စတဲ့အပိုင်းတွေမှာတေ ပြဿနာနည်းနည်းရှိဆဲပါပဲ။ အထူးသဖြင့် ကုမ္ပဏီတစ်ခု ဒါမှမဟုတ် ရုံးတစ်ရုံးမှာ အမျိုးသမီးတစ်ဦးဟာ အမျိုးသားတွေထက် ရာထူးမြင့်နေတဲ့ အခြေအနေမျိုး၊ ပိုဆိုးတာက အဲ့ဒီ အမျိုးသမီးဟာ ကိုယ့်လက်အောက်ငယ်သား ဝန်ထမ်းတွေထက် အသက်ငယ်နေမယ်ဆိုရင် သူမကြုံရတဲ့ ပြဿနာ၊ ရင်ဆိုင်ရတဲ့ အခက်အခဲတွေက မနည်းပါဘူး။ ဒီအခက်အခဲဆိုတာက တစ်ချို့အမျိုးသမီးဝန်ထမ်းတွေအတွက် သိသိသာသာ ကြီးမားနေတတ်သလို တချို့အတွက်ကျတော့ မသိမသာလေး ရင်ဆိုင်နေကြရတာမျိုးပါ။

ဒီအကြောင်းနဲ့ပတ်သက်ပြီး Loka Media ရဲ့ အယ်ဒီတာချုပ်ဖြစ်တဲ့ စန်းလဲ့နွယ် က “ဒီဘက်ခေတ်မှာတော့ ဝန်ထမ်းတစ်ယောက်ခန့်တော့မယ်ဆိုရင် အသက်အရွယ်နဲ့ ပတ်သက်ရင် လူငယ်တွေကို ပိုပြီး ဦးစားပေးရွေးချယ်လာကြပြီ။ နောက်တစ်ခုက ကိုယ့်အိုင်ဒီယာတွေကို ဖော်ပြတဲ့နေရာမှာလည်း brainstorming လုပ်နိုင်တဲ့ လူငယ်တွေပေးတဲ့ အိုင်ဒီယာဆိုပြီး အသိအမှတ်ပိုပြုလာကြပါတယ်။ ဒါကတော့ အမျိုးသားဖြစ်ဖြစ်၊ အမျိုးသမီးဖြစ်ဖြစ်ပါ။ ဒါပေမယ့် အမျိုးသမီးတွေက ရာထူးပိုကြီးနေမယ်၊ အသက်ကလည်း ငယ်မယ်ဆိုရင်တော့ လေးစားသမှု သိပ်မရှိတဲ့ ပြဿနာကြုံရပါတယ်။ နောက်အတွေ့အကြုံအရ အားနည်းမယ်၊ ပညာတတ်ပေမယ့် ဗဟုသုတအားနည်းလိမ့်မယ်ဆိုတဲ့ သုံးသပ်ချက်၊ အတိုက်အခံ ပြဿနာလေးတွေလည်း ဖြစ်ရတတ်တယ်။ ကိုယ့်ဌာနက ဝန်ထမ်းတွေနဲ့ အဆင်ပြေပေမယ့် ဌာနမတူတဲ့သူတွေကျတော့ ကိုယ့်ကိုအသက်ငယ်ပြီး ရာထူးကြီးလို့ အမြင်မကြည်တာမျိုး ကြုံရတယ်။ လုပ်ပိုင်ခွင့်နဲ့ လစာအပေါ်မှာလည်း ကိုယ့်အပေါ် မကျေနပ်တာမျိုးတွေရှိကြတာပေါ့နော်။ ကိုယ်ကအသက်ငယ်တဲ့အတွက် ကိုယ်ချလိုက်တဲ့ ဆုံးဖြတ်ချက်ကို သံသယဝင်တာမျိုးလည်း ကြုံခဲ့ရဖူးပါတယ်” လို့ သူမက ပြောပြပါတယ်။

အသက် ၂၃ နှစ်နဲ့ တာဝန်ယူရတဲ့အပိုင်းတွေများတဲ့ သူမကတော့ ရုံးတွင်းဆက်ဆံရေးနဲ့ သူ့လက်အောက်က အခြားသော ဝန်ထမ်းတွေအပေါ် ဘယ်လ ိုဆက်ဆံတယ်ဆိုတဲ့အပိုင်းကို “ ကိုယ်က အသက်ငယ်တဲ့အတွက် အလုပ်ကိစ္စကလွဲပြီး ကိုယ်ရေးကိုယ်တာကိစ္စတွေ သိပ်မရောထွေးဘူး။ သီးသန့်နေတယ်။ အလုပ်ကိစ္စပြောရတဲ့အခါ၊ တာဝန်တွေပေးရတဲ့အခါ တစ်ခါတစ်လေ force လုပ်ရတာမျိုးတွေ ရှိတာကြောင့် ပြတ်ပြတ်သားသားပြောဆိုဆက်ဆံတတ်တဲ့သူ ဖြစ်အောင်နေပါတယ်။ ဆူစရာပြောစရာရှိလာရင် ပြတ်ပြတ်သားသားပြောတယ်။ ကိုယ်အလျှော့ပေးရမယ့် အခါမျိုးတွေကျရင်လည်း ကိုယ့်ဘက်က အလျှော့ပေးတယ်။ နားလည်ပေးတယ်။ ကိုယ့်ဝန်ထမ်းတွေ အလုပ်မှာပျော်ဖို့ ဝန်ထမ်းတွေရဲ့နေရာကနေ ကြည့်ပေး စဉ်းစားပေးရပါတယ်။ ဒါ့ကြောင့် ညှိုနှိုင်းသင့်ရင် ညှိနှိုင်း၊ ပြတ်သားသင့်ရင် ပြတ်သားရမယ်လို့ ခံယူထားပါတယ်” တဲ့။

ကိုယ်နေ့စဉ်အချိန်ကုန်ဆုံးနေရတဲ့ အလုပ်ခွင်ဟာ ကိုယ့်ရဲ့ ဒုတိယအိမ်ပါပဲ။ ဒီတော့ အလုပ်ခွင်မှာ ပျော်ရွှင်မှသာ အလုပ်မှာ ပိုအာရုံစိုက်နိုင်မှာပါ။ အလုပ်အတွက်၊ ကိုယ့်နေရာ၊ ကိုယ့်လုပ်အားခ လစာ ပိုတိုး တက်လာအောင်လည်း ပိုကြိုးစား လုပ်ဆောင်နိုင်မှာ ဖြစ်သလို ကိုယ့်အိပ်မက်ပန်းတိုင်ကိုလည်း ပိုမိုနီးစပ်အောင် ပုံဖော်နိုင်မှာပါ။ အဲဒီလိုမှမဟုတ်ဘဲ ကိုယ့်အလုပ်ခွင်က ဖိနှိပ်မှုတွေ၊ ယောက်ျား၊ မိန်းမ တန်းတူအခွင့်အရေး မပေးတာတွေ၊ အမျိုးသမီးဖြစ်တာမို့ ထိကပါး ရိကပါး ပြောဆိုလှောင်ပြောင် ဆက်ဆံခံရတာမျိုးတွေ ရှိတယ်ဆိုရင်တော့ ဘယ်လောက်လစာများနေပါစေ၊ နှစ်ခါမစဉ်းစားဘဲ အလုပ်ကနေထွက်သင့်တယ်လို့ မြင်ပါတယ်။

ဒါကို စန်းလဲ့နွယ်ကဆက်ပြီး “ အမျိုးသမီးတစ်ယောက်အနေနဲ့ ကိုယ့်အလုပ်နေရာ၊ ဌာနမှာ ဒါမျိုးတွေ ကြုံလာရရင်တော့ ကိုယ့်ရဲ့တန်ဖိုးရှိတဲ့အချိန်တွေ၊ အားစိုက်မှုတွေ နစ်မွန်းအဆုံးရှုံးမခံဘဲ အလုပ်ကနေ ထွက်သင့်ပါတယ်။ အမျိုးသမီးလည်း လူ၊ အမျိုးသားလည်းလူ လူချင်းအတူတူ၊ အားစိုက်တာချင်းအတူတူ တန်းတူအခွင့်အရေးမပေးတဲ့ နေရာမျိုးက မသန့်ရှင်းသလို ကိုယ့်အတွက်လည်း မကြည့်၊ သူတစ်ပါး အကျိုးအတွက် မငဲ့တဲ့နေရာမျိုးမို့ ဘာမှစဉ်းစားတွေဝေနေစရာမလိုဘူးလို့ ထင်ပါတယ်။ နောက်ထပ ်အခွင့်အရေးကို ထပ်ရှာပါ။ အချိန်တစ်ခု ကြာနိုင်ပေမယ့် စိတ်အားထက်သန်ရင်တော့ နေရာတစ်နေရာ ရကိုရပါလိမ့်မယ်” လို့ သူမအမြင်ကို ဖွင့်ဟသွားပါတယ်။

အလုပ်ခွင်တစ်ခုမှာ သူကဘာ၊ ငါကဘာ၊ သူကတော့ ယောင်္ကျား၊ ငါကမိန်းမဆိုတာမျိုး ခွဲခြားမနေဘဲ ကိုယ့်အလုပ်ပိုမိုတိုးတက်အောင် ဘာတွေလုပ်နိုင်တယ်ဆိုတာမျိုး တွေးကြမယ်၊ ကိုယ့်ရုံး၊ ကိုယ့်ကုမ္ပဏီ ပိုအကျိုးရှိအောင် ဘယ်လိုကြိုးစားရမယ်ဆိုတဲ့ တာဝန်သိစိတ်လေးတွေ ရှိနေမယ်၊ တစ်ဦးနဲ့တစ်ဦး လက်တွဲပြီး လုပ်ဆောင်နိုင်မယ်ဆိုရင် အလုပ်ခွင်ဟာ တကယ့်ကို ပျော်စရာကောင်းတဲ့နေရာတစ်ခု ဖြစ်လာပါလိမ့်မယ်။ ဒါ့အပြင် အမျိုးသားဝန်ထမ်းတွေမှာ အားသာချက်၊ အားနည်းချက်တွေ ရှိသလို၊ အမျိုးသမီး ဝန်ထမ်းတွေမှာ လည်း ထို့အတူ အားသာချက်၊ အားနည်းချက်တွေ ရှိနေတာကို လက်ခံပေးနိုင်ရပါလိမ့်မယ်။

အမျိုးသမီးတွေအနေနဲ့လည်း စိန်ခေါ်မှုဆိုတာ နေရာတိုင်းမှာရှိတယ်ဆိုတာကို နားလည်ပြီး အခက်အခဲတွေ ကို ရင်ဆိုင်ကျော်ဖြတ်ဖို့ မတွန့်ဆုတ်ပါနဲ့။ အောင်မြင်မှုဆိုတာ ဘယ်တော့မှ လွယ်လွယ်ကူကူ မရတတ်ပါဘူး။ ဒီတော့ စိန်ခေါ်မှုတွေကို နင်းပြီး အောင်မြင်မှုဆီ တက်လှမ်းဖို့အချိန်ပါလားလို့ အမြဲနှလုံးသွင်းထားပါ။ တစ်ဖက်က ကိုယ့်အလုပ်ခွင်မှာ ကိုယ်ဘယ်လောက်လုပ်နိုင်စွမ်းရှိတယ်ဆိုတာ ပြသရင်း တစ်ဖက်မှာလည်း ဘယ်လိုအခက်အခဲတွေ ကြုံရပါစေ စိတ်ဓာတ်မာပြီး ရဲရင့်တဲ့ ခင်္သြေ့တစ်ကောင်လို ကိုယ့်ပန်းတိုင်ဆီ မနားတမ်းသွားဖို့ တိုက်တွန်းချင်ပါတယ်။

မေသော်

Share

Loading Next Article...
က္က