အမျိုးသမီး လွှတ်တော်အမတ်လေးဦးကို ရည်ရွယ်ပြီး တိုက်ခိုက်ပြောဆိုခဲ့မှုအတွက် သမ္မတဒေါ်နယ်ထရန့်ကို ရှုတ်ချကြောင်း အမေရိကန်အောက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ခဲ့ကြပါတယ်။
(အောက်လွှတ်တော် မဲခွဲမှုရလဒ်) (Photo: NBC News)
သမ္မတထရန့်က လူဖြူမဟုတ်တဲ့ အမျိုးသမီးလွှတ်တော်အမတ်လေးဦးကို ဇာတိပြန်ကြရန် ပြောဆိုခဲ့ပြီးနောက် ဝေဖန်မှုတွေ မြင့်တက်နေပြီး ထရန့်ကို လူမျိုးရေးခွဲခြားသူအဖြစ် စွပ်စွဲခဲ့ကြပါတယ်။ ထရန့်ကတော့ ၎င်းဟာ လူမျိုးရေးခွဲခြားသူမဟုတ်ကြောင်း Twitter မှာ တုံ့ပြန်ပြောကြားထားပါတယ်။
အမျိုးသမီးလွှတ်တော်အမတ်လေးဦးကို သမ္မတထရန့်က တိုက်ခိုက်ပြောဆိုခဲ့ပြီးနောက် ဒီမိုကရက်တစ်အမတ်များ လွှမ်းမိုးထားတဲ့ အမေရိကန် အောက်လွှတ်တော်မှာ သမ္မတကို လူသိရှင်ကြား ပြစ်တင်ရှုတ်ချရန် အင်္ဂါနေ့ (ဇူလိုင် ၁၆ ရက်) က မဲခွဲဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ထိုသို့ မဲခွဲရာမှာ ထောက်ခံမဲ ၂၄၀ နဲ့ ကန့်ကွက်မဲ ၁၈၇ မဲ ရလဒ်ထွက်ပေါ်ခဲ့ပြီး သမ္မတကို လူသိရှင်ကြား ပြစ်တင်ရှုတ်ချရန် ဆုံးဖြတ်ခဲ့ပါတယ်။
(ထရန့် ရည်ရွယ်ပြောဆိုခဲ့သည့် အမျိုးသမီးလွှတ်တော်အမတ်လေးဦး) (Photo: Carol Guzy/ZUMA Wire/REX/Shutterstock)
မဲခွဲဆုံးဖြတ်ရာမှာ သမ္မတထရန့်ရဲ့ ရီပတ်ဘလစ်ကင်ပါတီမှ လွတ်တော်အမတ်လေးဦးနဲ့ ယခင် ရီပတ်ဘလစ်ကင်လွှတ်တော်အမတ်ဟောင်း တစ်သီးပုဂ္ဂလ လွှတ်တော်အမတ် ဂျက်စတင်အမ်မက်ရှ်တို့ကလည်း ထောက်ခံမဲ ပေးခဲ့ကြပါတယ်။
သမ္မတထရန့်ကို ပြစ်တင်ရှုတ်ချကြောင်း မဲခွဲရာမှာ ထောက်ခံမဲပေးခဲ့ကြတဲ့ ရီပတ်ဘလစ်ကင်အမတ်တွေကတော့ တက္ကဆက်အမတ် Will Hurd၊ ပင်ဆယ်ဗေးနီးယားအမတ် Brian Fitzpatrick၊ မီချီဂန်အမတ် Fred Upton နဲ့ အင်ဒီယာနာအမတ် Susan Brooks တို့ ဖြစ်ကြပါတယ်။ အမေရိကန်မှာ လွှတ်တော်က သမ္မတကို ပြစ်တင်ရှုတ်ချရန် မဲခွဲဆုံးဖြတ်ပါက လွှတ်တော်ရဲ့သဘောထားကို လူသိရှင်ကြား ထုတ်ပြန်ခြင်းဖြစ်ပြီး ဥပဒေကြောင်းအရ ဆောင်ရွက်မှုမျိုးကတော့ အလွန်ရှားကြောင်းလည်း BBC သတင်းက ဖော်ပြပါတယ်။
(အမေရိကန်သမ္မတထရန့်) (Photo: Alex Brandon/AP)
သမ္မတထရန့်က ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ (ဇူလိုင် ၁၄ ရက်) မှာ အမျိုးသမီးလွှတ်တော်အမတ်တွေ ဖြစ်ကြတဲ့ Alxeandria Ocasio-Cortez, Ilhan Omar, Ayanna Pressley နဲ့ Rashida Tlaib တို့ကို ရည်ရွယ်ပြီး ၎င်းတို့ဟာ အစိုးရတွေ လုံးဝပြိုလဲပျက်စီးတဲ့ နိုင်ငံတွေကနေ ရောက်ရှိလာခဲ့ကြသူတွေဖြစ်ပြီး ဇာတိနိုင်ငံတွေကို ပြန်သင့်ကြောင်း Twitter မှာ ဝေဖန်ပြေဆိုခဲ့ပါတယ်။ ထရန့်က အဆိုပါ အမျိုးသမီးလွှတ်တော်အမတ်တွေရဲ့ အမည်ကို မဖော်ပြခဲ့ပေမဲ့ ဒီမိုကရက်တစ် အမျိုးသမီးလွှတ်တော်အမတ်လေးဦးကို ရည်ရွယ်ပြောဆိုခြင်းဖြစ်ကြောင်း သိသာထင်ရှားခဲ့တယ်လို့ ဆိုပါတယ်။
(အောက်လွှတ်တာ်ဥက္ကဋ္ဌ နန်စီပီလိုစီ) (Photo: Alex Brandon/AP)
ထရန့်က မူလနေရပ်ပြန်ရန် ပြောဆိုခဲ့တဲ့ အမျိုးသမီးလွှတ်တော်အမတ်လေးဦးလုံးဟာ အမေရိကန်နိုင်ငံသားတွေဖြစ်ပြီး သူမတို့ကို The Squad လို့လည်း သိထားကြပါတယ်။ အမျိုးသမီးလွှတ်တော်အမတ်လေးဦးက သမ္မတထရန့်ရဲ့ ပြောဆိုမှုတွေကို အာရုံလွှဲမှုတစ်ခုအဖြစ် တုံ့ပြန်ပယ်ချလိုက်ပြီး ပြည်သူတွေအနေနဲ့ သမ္မတရဲ့ စကားတွေထက် မူဝါဒတွေအပေါ် အာရုံစိုက် အလေးထားကြရန် တိုက်တွန်းခဲ့ပါတယ်။