ပုဇွန်တောင်မြို့နယ် ၊ ရေကျော်ကွန်ဒိုက စီးတီးမတ် အမျိုးသမီးသန့်စင်ခန်းမှာ အသက်(၆၀) အရွယ်အမျိုးသမီးတစ်ဦးနဲ့ အသက်(၁၉)နှစ်အရွယ်အမျိုးသမီးတို့ စကားများရာကနေ (၁၉နှစ်)အမျိုးသမီးက မျက်မှန်ကိုင်းကျိုးနဲ့ အသက်(၆၀) အရွယ်အမျိုးသမီးလည်ပင်းကို ထိုးခဲ့ပါတယ်။

ဓာတ်ပုံ- အခင်းဖြစ်ပွားခဲ့တဲ့ ရေကျော်စီးတီးမတ်
ဖြစ်ပွားပုံကတော့ သန့်စင်ခန်းအတွင်း ဘေစင်ပေါ်တင်ထားတဲ့ အသက် (၁၉)နှစ်အရွယ် အမျိုးသမီးရဲ့ ဖုန်းကို အသက်(၆၀)အမျိုးသမီးက ဘယ်သူ့ဖုန်းလဲ ၊ စည်းကမ်းမရှိဘူးလို့ ပြောဆိုရာကနေ စကားများရန်ဖြစ်ပြီး ကျွတ်သွားတဲ့ မျက်မှန်ကိုင်းကျိုးနဲ့ လည်ပင်းကို ထိုးခဲ့တာလို့ သက်ဆိုင်ရာမြို့နယ်ရဲစခန်းက သိရပါတယ်။
" ကျွန်တော်လည်း စီးတီးမတ်လုံခြုံရေးက လာခေါ်လို့ ရောက်သွားတာ ။ ကောင်မလေးက ဖုန်းလေးကိုင်ပြီးစောင့်နေတယ် ။ သူက ပစ္စည်းလာသွင်းတာ ကုမ္ပဏီတစ်ခုက ။ အဒေါ်ကြီးက ဒီပတ်ဝန်းကျင်ကပါပဲ ။ ကောင်မလေးက သူ့ဖုန်းကျန်ခဲ့လို့ လာပြန်ယူတာ အဲဒါကို အဒေါ်ကြီးက စည်းကမ်းမရှိဘူး ဘာညာပြောတော့ စကားများကြတယ် ။ အဒေါ်ကြီးက ကောင်မလေးကို ပါးရိုက်လိုက်တယ်လို့ သိရတယ် ။ အဲဒီမှာ လုံးထွေးဖြစ်ကြပြီး အဒေါ်ကြီးရဲ့ မျက်မှန်ကျွတ်ပြီး ကျိုးတဲ့ဟာနဲ့ ကောင်မလေးက အဒေါ်ကြီးလည်ပင်းကို ထိုးလိုက်တယ်ပေါ့ " လို့ ပုဇွန်တောင်မြို့နယ် ၊ (၉)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးညီညီနိုင်က Duwun ကို ပြောပါတယ် ။
ကနဦးလူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့ခဲ့တဲ့ အသက် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်လေးက အသက် ၆၀ ကျော်အရွယ် အမျိုးသမီးကို ဓားနဲ့ ထိုးပြီး ဆွဲကြိုးလုယက်ခဲ့တယ်ဆိုတဲ့သတင်းက မမှန်ကန်ကြောင်း၊ ဖုန်းကိစ္စနဲ့ စကားများရာကနေ စကားများပြီး မျက်မှန်ကိုင်းကျိုးနဲ့ လည်ပင်းကို ထိုးခဲ့တာဖြစ်တယ်လို့လည်း ရဲမှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။
လက်ရှိမှာတော့ ဒဏ်ရာရသွားခဲ့တဲ့အမျိုးသမီးဟာရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ အရေးပေါ် ကုသမှုခံယူနေပြီး အသက်အန္တရာယ်မစိုးရိမ်ရကြောင်းသိရကာ ကျုးလွန်သူအသက်(၁၉)နှစ်အရွယ်အမျိုးသမီး ကိုတော့ ပုဇွန်တောင်မြို့မ ရဲစခန်းက (ပ)၁၈၂/၂၀၂၀ အပြင်းအထန်နာကျင်စေမှု ရာဇသတ်ကြီးပုဒ်မ ၃၂၆နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်နေပါတယ်။
အသက်(၆၀)အရွယ်အမျိုးသမီးက ပုဇွန်တောင်မြို့နယ် ၊ အမှတ်(၅)ရပ်ကွက် ၊ အောက်ပုဇွန်တောင် လမ်းမှာ နေထိုင်သူဖြစ်ပြီး အသက်(၁၉)နှစ်အမျိုးသမီးကတော့ တောင်ဥက္ကလာပမြို့နယ် ၊ (၁၂)ရပ်ကွက် ၊ မာဃ (၁၂)လမ်းမှာ နေထိုင်သူဖြစ်တယ်လို့ သိရပါတယ်။