အမြည်းခွက်ကို ဝင်တိုက်မိလို့ အသတ်ခံရတဲ့ဖြစ်စဉ်မှာ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်နဲ့ မိသားစုရဲ့ထွက်ဆိုချက်တွေက ကွဲလွဲမှုတွေရှိနေတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
မတ်လ ၁၂ ရက်နေ့က မန္တလေးဒေါနခြံရပ်မှာ ဖြစ်ပွားခဲ့တဲ့လူသတ်မှုမှာ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ အသက် ၁၉ နှစ်အရွယ်မောင်နေအောင်ကို တစ်ရပ်ကွက်တည်းနေ ဒေါနသုခလူမှုရေးအသင်းရုံးအနီး မှာတုတ်တွေနဲ့ဝိုင်းရိုက်နှက်နေတယ်ဆိုတဲ့ သတင်းအရ စုံစမ်းခဲ့တယ်လို့ ဆိုပါတယ်။
လမ်းဘေးမှာဒဏ်ရာတွေနဲ့ လဲကျနေတဲ့ မောင်နေအောင်ကို ဆေးရုံကြီးကိုပို့ဆောင်ရာမှာ ပါးစပ်သွေးထွက်၊ ဦးခေါင်းနောက်စေ့ ဖူးယောင်ပေါက်ပြဲသွေးထွက်၊ ဝဲမျက်လုံးဖူးယောင်၊ ဝဲလက်ဖျံရိုးကျိုး၊ ဝဲလက်ချောင်းကျိုး ဒဏ်ရာတွေနဲ့ စိုးရိမ်ရတာကြောင့် ရာဇသတ်ကြီးပုဒ်မ ၃၂၅ နဲ့ အမှုဖွင့်ခဲ့ပြီးတော့ ဒီနေ့မနက်မှာ ကျူးလွန်သူ အသက် ၁၇ နှစ်ကနေ ၄၁ နှစ်ကြား မင်းကိုကို၊ ဆန်နီ၊ ဇင်ချစ်သူ၊ ပြည့်ဖြိုးအောင်တို့ကို ဖမ်းဆီးရမိခဲ့ပါတယ်။
" သေသွားတဲ့ကောင်လေးရဲ့အဖေရဲ့ နာရေးပေါ့၊ နာရေးမှာ ဖဲဝိုင်းရှိတယ်၊ သူတို့က ဖဲရိုက်ပြီးတော့ပြန်လာတာ၊ ပြန်လာပြီးတော့ ရပ်ကွက်လမ်းကြားမှာ အရက်သောက်နေကြတယ်၊ အဲဒီအချိန်မှာ ကောင်လေးက သူ့အိမ်ကိုလာတဲ့ ဧည့်သည်ကို ပြန်ပို့ဖို့ထွက်လာတော့ လမ်းကတော်တော်ကျဉ်းတာကိုး ဆိုင်ကယ်တောင်ဝင်မရဘူး၊ အဲဒီမှာ သူတို့အရက်သောက်တဲ့ဝိုင်းက အမြည်းခွက်လားမသိဘူး။ အဲဒါကို ဝင်တိုက်မိတော့ မှောက်သွားရာကနေ စကားများရင်းရန်ဖြစ်ပြီးတော့ လမ်းမပေါ်ရောက်လာတယ်၊ လိုက်ပို့တဲ့ကောင်လေးတစ်ယောက်ထဲ ကျန်နေချိန် ဝပ်ရှော့နားမှာတွေ့တဲ့ အသားပြားနဲ့ကောက်ရိုက်လိုက်တာ။" လို့ တာဝန်ကျရဲအရာရှိက Duwun ကိုပြောပါတယ်။
မိသားစုဝင်တွေရဲ့ ထွက်ဆိုချက်အရတော့"ကျွန်တော်တို့က နာရေးရှင်ဆိုတော့ သူတို့က ဖုန်းပေါင်တာကို ကျွန်တော့ညီက အဲဒီလောက်မပေးနိုင်ဘူး ဖုန်းကလည်းအစုတ်ကြီး မှန်တွေကလည်းကွဲနေတာ၊ တစ်သောင်းခွဲပဲ ပေးနိုင်မယ်လို့ပြောတော့ သူတို့ကဒေါသဖြစ်သွားတာ၊ အဲဒါကို သူတို့ကမှတ်ထားပြီးတော့ သေချာကိုစောင့်လုပ်တာ၊ ကျွန်တော့ညီက ကံဆိုးချင်တော့ ပြသနာဖြစ်တဲ့အချိန် လမ်းထိပ်ကိုပြေးတာကို ပိတ်ရိုက်ပိတ်ရိုက်ဆိုပြီး ဝိုင်းရိုက်ကြတာ" လို့ သေဆုံးသူမောင်နေအောင်ရဲ့အစ်ကိုဖြစ်သူ ကိုအောင်ကျော်ဦးက Duwun ကိုပြောပါတယ်။
အဆိုပါ ဖြစ်စဉ်နဲ့ ပတ်သတ်ပြီးတော့ ရဲစခန်းက (ပ)၁၄၁/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၁၁၄ နဲ့ အမှုဖွင့်အရေးယူထားပြီး ကွယ်လွန်သူရဲ့နာရေးကိုတော့ မွန်းလွဲ ၂ နာရီမှာပဲ ဒေါနသုခလူမှုကူညီရေးအသင်းမှာ ပြုလုပ်ခဲ့ပါတယ်။