• အဓမ္မကျင့်သတ်ဖြတ်ခံရပြီး ရေမြောင်းထဲစွန့်ပစ်ခံခဲ့ရတဲ့ ငါးနှစ်အရွယ်မိန်းကလေးရဲ့ ဈာပန လူရာနဲ့ချီ ပိို့ဆောင်

ဒီနေ့ နေ့လယ် ၂ နာရီခွဲက ရေဝေးသုဿန်မှာ ပြုလုပ်ခဲ့တာပါ။

အဓမ္မပြုကျင့်သတ်ဖြတ်ခံရပြီး ရေမြောင်းထဲစွန့်ပစ်ခံခဲ့ရတဲ့ အသက်ငါးနှစ်အရွယ် မိန်းကလေးရဲ့ ဈာပန ကို ဖေဖော်ဝါရီ ၁ ရက် နေ့လယ် ၂နာရီခွဲလောက် ရေဝေးသုဿန်မှာ ပြုလုပ်ခဲ့ပြီး လူရာနဲ့ချီပို့ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

image

မင်္ဂလာဒုံမြို့နယ် သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စုအတွင်း ခြံစည်းရိုးမရှိတဲ့ ပျံကျအိမ်မှာနေထိုင်တဲ့အသက် ငါးနှစ်အရွယ်မိန်းကလေးဟာ နေအိမ်မှာ ရုတ်တရက်ပျောက်ဆုံးသွားရာကနေ နောက်တစ်နေ့မှာ အမှတ် (၃) လမ်းမကြီးဘေးက ဒဏ်ရာတွေနဲ့ အဓမ္မပြုကျင့်ခံပြီး သေဆုံးလျှက်ပြန်လည်တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၉ ရက်နေ့ ည ၈ နာရီလောက်မှာ မိခင်ဖြစ်သူက အခုသေဆုံးခဲ့သူ မိန်းကလေးကို (၂)နှစ်အရွယ် အခြားကလေးတစ်ဦးနဲ့အတူ အိမ်မှာသိပ်ထားခဲ့ပြီး အိမ်နားမှာရှိတဲ့ ကလေးရဲ့အဖေ ခင်ပွန်းဖြစ်သူရဲ့စက်ဘီးပြင်ဆိုင်ကို ခေတ္တသွားစဉ်မှာ ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

မိဘနှစ်ပါးစလုံး ည ၉ နာရီလောက် နေအိမ်ကို ပြန်ရောက်လာတဲ့အခါမှာ ပျောက်ဆုံးသွားခဲ့တဲ့ မိန်းကလေးဟာ အခြားကလေးနဲ့အတူ ခြင်ထောင်ထဲမှာ အိပ်နေတယ်ထင်ပြီး မကြည့်ခဲ့မိဘူးလို့ ဆိုပါတယ်။ အဲ့ဒီနောက် ဖခင်ဖြစ်သူက မအိပ်သေးဘဲ သတင်းစာဖတ်နေရာက ည ၁၂ နာရီလောက်မှာ သမီးကိုကြည့်ရာ မတွေ့တော့ပဲ ပျောက်ဆုံးနေတာကြောင့် ပတ်ဝန်းကျင်ကိုအကူအညီတောင်းပြီး လိုက်ရှာခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၃၀ ရက်နေ့ ညနေငါးနာရီလောက်မှာမှ ကျောင်းမှပြန်လာတဲ့ ကျောင်းသားလေးတွေက မင်္ဂလာဒုံမြို့နယ် အမှတ်(၃)လမ်းမကြီးဘေးကရေမြောင်းထဲမှာ သေဆုံးနေတဲ့မိန်းကလေးကို တွေ့ခဲ့ကြတာဖြစ်ပါတယ်။

လက်ရှိအချိန်ထိတော့ တရားခံကို ဖမ်းဆီးရှာဖွေမိခြင်းမရှိသေးဘဲ ရဲလုပ်ငန်းစဉ်အရ မျက်မြင်သက်သေတွေကို စစ်ဆေးနေပြီး ရှာဖွေရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ မင်္ဂလာဒုံမြို့နယ်ရဲစခန်း တာဝန်ရှိသူတစ်ဦးက Duwun ကိုပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က