ပိုးမီကတော့ အရမ်းလည်းချစ်ခဲ့ဖူးသလို အသည်းလည်းကွဲခဲ့ဖူးတယ်ဆိုပြီးတော့ သူမရဲ့ အချစ်ရေးအကြောင်းတွေ ပြောပြလာပါတယ်။
Photo: Poe Mi
အဆိုတော် ပိုးမီကတော့ သူမရဲ့ လက်ရှိအချစ်ရေးအခြေအနေကို ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။ အချစ်နဲ့ ပတ်သက်လာရင် နှလုံးသားနုနုလေးလို့ပြောလာတဲ့ သူမကတော့ ချစ်သူမထားရဲသေးဘူးလို့ ဆိုပါတယ်။
“ အခုချိန်မှာ သူငယ်ချင်းတွေရဲ့ အချစ်ရေးကို ကြည့်ပြီးတော့ ကြည်နူးတယ်။ ဒါပေမယ့် ကိုယ့်အတွက်ရော ဆိုတော့လည်း တစ်ယောက်တည်းနေရတဲ့ဘဝလေးကို သဘောကျတယ် အိမ်ထောင်ပြုဖို့ စိတ်ကူးမရှိဘူး။ ကိုယ်က စိတ်နုတယ်၊ အရမ်းလည်းချစ်ခဲ့ဖူးတယ်၊ အသည်းကွဲတုန်းကလည်း အကြာကြီးခံစားခဲ့ရတယ်။ ကံကြမ္မာကတော့ ဘယ်လို ဖြစ်လာမယ်မသိဘူး၊ လောလောဆယ်မှာတော့ အိမ်ထောင်ပြုဖို့ အစီအစဉ်လည်းမရှိသလို ခေါင်းထဲလည်း မတွေးထားပါဘူး”လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။
Photo: Poe Mi
အဆိုတော် ပိုးမီဟာ အချစ်ရေးနဲ့ ပတ်သက်ပြီး သူမရဲ့ ခံစားချက်တွေကို သီချင်းလေးနဲ့ ရင်ဖွင့်တတ်သူ တစ်ယောက်ပါ။ သူမရဲ့ ချစ်သူကို ထုတ်ဖော်ပြသခဲ့တာမရှိပေမယ့်လည်း အချစ်ရေးသတင်းတွေကတော့ မကြာခဏ ထွက်လေ့ရှိပါတယ်။ ဒီသတင်းတွေအပေါ် ပိုးမီက ထွေထွေထူးထူး ဖြေရှင်းခဲ့တာမျိုးတွေ မရှိပါဘူး။ သူကတော့ အချစ်ရေးထက် ဂီတအလုပ်တွေကို အားသွန်ခွန်စိုက် ကြိုးစားနေတာ တွေ့ရပါတယ်။
Photo: Poe Mi
ပိုးမီကတော့ ယောကျ်ားလေး သူငယ်ချင်းတွေလည်း အများကြီးရှိသလို၊ မိန်းကလေး သူငယ်ချင်းတွေလည်း အများကြီး ရှိတဲ့သူပါ။ သူမရဲ့ အချစ်ရေးကို စိတ်ဝင်စားတဲ့ သူတွေကတော့ သူငယ်ချင်းတွေနဲ့တင်တဲ့ ဓာတ်ပုံကိုလည်း ရည်းစားဆိုပြီး အထင်လွဲခံရတာတွေရှိတယ်လို့ ပိုးမီက ပြောပါတယ်။
Photo: Poe Mi
ပိုးမီကိုတော့ Myanmar idol Season 2 သီချင်းဆိုပြိုင်ပွဲကနေတဆင့် ပရိသတ်အားပေးမှုအများကြီးရရှိလာသူတစ်ယောက်ဖြစ်ပါတယ်။ သူ့အနေနဲ့ Myanmar idol Season 2 မှာလည်း တတိယဆုကို ဆွတ်ခူးနိုင်ခဲ့သူတစ်ဦးပါ။ အခုဆိုရင်တော့ သူကိုယ်တိုင်ရေးစပ်သီကုံးထားတဲ့ သီချင်းတွေနဲ့ အတူ ပရိသတ်အရှေ့ကို ရောက်ရှိလာခဲ့ပါပြီ။ သူ့ရဲ့ ပထမဆုံးတစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ " နောက်ထပ်တစ်ယောက် မရှိ " ဆိုတဲ့ တစ်ကိုယ်တော် တေးစီးရီးကို ၂၀၁၈ ခုနှစ် မတ်လ အတွင်းက ထွက်ရှိခဲ့တာဖြစ်ပါတယ်။ ဒီအခွေလေးကလည်း ပရိသတ်တွေရဲ့ ခံစားချက်နဲ့ ထပ်တူ ကျခဲ့တာကြောင့် အောင်မြင်မှု ရရှိခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာလည်း Single Song လေးတွေ ထွက်ရှိထားတာ တွေ့ရပါတယ်။