ချဲလ်ဆီးအသင်းနဲ့အတူ ၆ နှစ်ကြာ ဖြတ်သန်းခဲ့ပြီးနောက် လက်ကျန် စာချုပ်သက်တမ်း တစ်နှစ် ကျန်ရှိချိန်မှာ တော့ နောက်ထပ် စာချုပ်သက်တမ်းကို စောင့်မျှော်နေတာပါ။
ချဲလ်ဆီးအသင်းနဲ့အတူ အောင်မြင်မှုတွေ ပိုင်ဆိုင်ထားခဲ့တဲ့ ဘရာဇီး လက်ရွေးစင် ဝီလီယံက ချဲလ်ဆီးအသင်း မှာသာ ဆက်နေလိုကြောင်း ထုတ်ဖော်ပြောခဲ့တယ်လို့ Express သတင်းဌာနက ဖော်ပြလာပါတယ်။
ဝီလီယံအနေနဲ့ ချဲလ်ဆီးအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်အရ ဒီရာသီကုန်ရင် ပြည့်မှာဖြစ်ပြီး အသင်းက စာချုပ် သစ် ကမ်းလှမ်းမှုကို စောင့်မျှော်နေသူလည်း ဖြစ်ပါတယ်။
လာမယ့် ဇန်နဝါရီမှာတော့ အသင်းသစ်တွေနဲ့ လွတ်လပ်စွာ စကားပြောဆိုညှိုနှိုင်းခွင့်ရှိနေပေမယ့်လည်း ဝီလီယံ ကတော့ ချဲလ်ဆီးနဲ့ ကစားရတာ ကြိုက်နှစ်သက်တဲ့အတွက် ချဲလ်ဆီးမှာသာ ဆက်နေလိုတယ်လို့ ပြောလာခဲ့ပါ တယ်။
“ ကျွန်တော် ချဲလ်ဆီးမှာ ဆက်နေချင်ပါတယ်၊ ချဲလ်ဆီးကို ချစ်ပါတယ်။ နောက်ပြီး လန်ဒန်မှာနေရတာ လည်း ပျော်ပါတယ်၊မိသားစုကလည်း လန်ဒန်မှာ အဆင်ပြေပါတယ်။ ၆ နှစ်ကြာ အသင်းနဲ့အတူ ဖြတ်သန်းခဲ့ပြီး နောက် အောင်မြင်မှုတွေလည်း အတိုင်းအတာတစ်ခုထိ ပိုင်ဆိုင်ထားပါတယ်။ နောက်ထပ် ဆုဖလားတွေ၊သွင်းဂိုးတွေလည်း ပိုင်ဆိုင်ချင်ပါတယ်။” လို့ ဝီလီယံက ပြောခဲ့ပါတယ်။
ဝီလီယံကတော့ ချဲလ်ဆီးအတွက် ၂၉၆ ပွဲကစားပေးထားပြီး ၅၂ ဂိုးသွင်းယူပေးထားနိုင်သူဖြစ်ပါတယ်။ အသင်းနဲ့အတူ ပရီးမီးယားလိဂ် ၂ ကြိမ်၊အက်ဖ်အေ၊လိဂ်ဖလားနဲ့ ယူရိုပါလိဂ် ဆုဖလားတွေ ပိုင်ဆိုင်ထားပါတယ်။