နာမည်ကျော် ESPN ရဲ့ ရုပ်သံဝေဖန်သူတယောက်ဖြစ်တဲ့ မိုရီနိုက ရော်နယ်ဒိုအနေနဲ့ သူ အနားယူမယ့်ကိစ္စကို လက်ရှိအချိန်ထိ လက်ခံနိုင်ဖို့ ခက်ခဲနေဆဲဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ အသက် (၃၇) နှစ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုက လက်ရှိအချိန်အထိ အနားယူဖို့ စဥ်းစားထားဖွယ်မရှိပါဘူး။

နောက်ဆုံးပြုလုပ်ထားတဲ့ အင်တာဗျူးမှာလည်း ရော်နယ်ဒိုက အနားယူမယ့်အချိန်ကို သူကိုယ်တိုင်ကပဲ ဆုံးဖြတ်မှာဖြစ်တဲ့အကြောင်း ပြောကြားထားပါတယ်။ ရော်နယ်ဒိုရဲ့ပေါ်တူဂီဟာ ဒီကနေ့ညမှာ ကာတာကမ္ဘာ့ဖလား ခြေစစ်ပွဲ နောက်ဆုံးအဆင့်ပွဲအဖြစ် မြောက်မက်ဆီဒိုးနီးယားနဲ့ ရင်ဆိုင်ရမှာပါ။

ရော်နယ်ဒိုနဲ့ ပတ်သက်လို့ မိုရီနိုက “ခင်ဗျားရဲ့ အကောင်းဆုံးအချိန်မှာ လုပ်ပြခဲ့တဲ့အရာတွေကို မလုပ်ပြနိုင်တော့ဘူးဆိုရင် ဒီလိုအကြောင်းအရာက ဝင်လာမှာပါ။ ရော်နယ်ဒိုတယောက် ဖြည်းဖြည်းချင်း ကျဆင်းလာတာကို ကျနော်တို့ မြင်နေရပါပြီ။ ဒါပေမယ့် ရော်နယ်ဒို ဟက်ထရစ်ရပြီဆိုရင် သူပြန်လာပြီဖြစ်သွားရော”
“တကယ်တော့ ဒါကမဟုတ်ပါဘူး။ ရော်နယ်ဒိုကိုယ်တိုင်က ဒါကို သိပါတယ်။ ဒါပေမယ့် သူ ဒါကို လက်ခံဖို့ ဆန္ဒမရှိသေးပါဘူး။ သူ့ကိုယ်သူ ဖယ်ထုတ်လိုက်ဖို့ဆိုတာမျိုးကို သူမတွေးနိုင်သေးပါဘူး။ သူ့ကိုယ်သူ ဒီထက်ပိုပြီး မရတော့ဘူးလို့ ပြောနိုင်ဖို့ မဖြစ်နိုင်ပါဘူး”
“ကစားသမားဘဝကို ရှေ့ဆက်လို့ရသလောက် ဆက်သွားနေဦးမှာပါ။ တချိန်ချိန်ကျရင်တော့ သူ ဒါကို လက်ခံရပါလိမ့်မယ်။ မြက်ခင်းစိမ်းတွေကို သူကျောခိုင်းသွားမှာဖြစ်ပြီး ဒါပေမယ့်လည်း ဒီအရာက မကြာခင် ဖြစ်လာမယ့်အရာမျိုးလည်း မဟုတ်ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။
မိုရီနိုဟာ အာဂျင်တီးနားနဲ့ ပီအက်စ်ဂျီကစားသမား မက်ဆီရဲ့ အနာဂတ်နဲ့ ပတ်သက်လို့လည်း ဒီကစားသမားက (၂၀၂၂) ကမ္ဘာ့ဖလားမှာသာ အာဂျင်တီးနားနဲ့ ဗိုလ်စွဲနိုင်ရင် ကစားသမားဘဝက အနားယူသွားလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။