ဒီဇိုင်းပိုင်းမှာ အရင် XZ2 နဲ့ထူးမခြားနား ဆိုပေမယ့် OLED screen သစ်အပြင် စိတ်ဝင်စားစရာ စမတ်နည်းပညာသစ်တွေကြောင့် Xperia XZ3 ဟာ လေးစားလောက်တဲ့ ပရီမီယံဖုန်းတစ်လုံးပါပဲ။
Photo: The Verge
ဂျာမဏီနိုင်ငံ ဘာလင်မြို့မှာ ကျင်းပတဲ့ IFA 2018 ပွဲနဲ့အတူ Sony ဟာ မျက်နှာပြင် ၆ လက်မ Xperia XZ3 ကို မိတ်ဆက်ခဲ့တာပါ။ Xperia XZ2 နဲ့ဆင်ပေမယ့် အရေးပါတဲ့ ကွဲလွဲချက်တစ်ခုက Xperia XZ3 ဟာ LCD display ကနေ တောက်ပမှုအားကောင်းသလောက် ကာလာထွက် တိကျမှန်ကန်မှု ပိုမြင့်တဲ့ 2880 x 1440 pixel ရုပ်ထွက်ပါ OLED display ကို ပထမဆုံး ပြောင်းသုံးလာတာ ဖြစ်ပါတယ်။
မှန်အကွေး curved glass ဒီဇိုင်းနဲ့အတူ ကျောဘက်မှာ တစ်လုံးတည်းသော ကင်မရာ နဲ့fingerprint ထားတဲ့ ပုံကလည်း မထူးခြားသေးပါဘူး။ အပြင်ပန်း ဒီဇိုင်းအပြင် ကျန်တဲ့ hardware specs တွေဘက်က ကြည့်ရင်လည်း Xperia XZ3 မှာ အပြောင်းအလဲ သိပ်မပါပါဘူး။
Snapdragon 845 processor နဲ့ပဲ ထွက်လာပြီး RAM 4GB/ 64GB storage ကတော့ premium ဖုန်းတစ်လုံးအနေနဲ့မျက်ခုံးလှုပ်စရာ မဟုတ်သေးပါဘူး။ နည်းနည်းလေး ထူးခြားသွားတာ တစ်ခုက 3180 mAh ဘက်ထရီသုံး Xperia XZ2 ကနေ 3330 mAh ဘက်ထရီအဖြစ် ပါဝါမြှင့်လာတာပါ။ ဒါပေမယ့် ကင်မရာပိုင်းမှာတော့ Sony ဟာ ဂုဏ်သိက္ခာနဲ့လိုက်ဖက်တဲ့ အဆင့်မြှင့်တင်မှုတွေ သိသိသာသာ လုပ်ထားပါတယ်။
ကျောဘက်မှာ dual cameras မသုံးနိုင်တာကလွဲရင် 19MP ကင်မရာဟာ ခေတ်ပေါ် AI စနစ်တွေ သုံးလာတာတွေ့ရပါတယ်။ ကင်မရာနည်းပညာအနေနဲ့အသစ်ပါလာတာ တစ်ခုက Side Sense ဆိုတဲ့ function ပါပဲ။ သူကတော့ ဖုန်းဘေးကိုယ်ထည်ကို tap လုပ်လိုက်တာနဲ့နောက်ထပ် ကိုယ်ဘာသုံးမယ်ဆိုတာကို နည်းပညာနဲ့တွက်ချက်ပြီး apps တွေကို menu လေးနဲ့ဖော်ပြပေးမှာပါ။
ဒ့ါအပြင် Smart Launch လို့ခေါ်တဲ့ ဓါတ်ပုံရိုက်ဖို့ဖုန်းကို အလျားလိုက် ကိုင်ထားတာနဲ့ကင်မရာ app ကို အလိုအလျောက် ဖွင့်ပေးမယ့် feature တစ်ခုကလည်း ပါဝင်လာပါတယ်။ ကင်မရာရိုက်ချက်မှာ 19MP ကင်မရာဟာ 4K HDR ဗွီဒီယိုတွေနဲ့960fps အနှေးရိုက်ချက်တွေ ပံ့ပိုးနိုင်မှာပါ။ ရှေ့မှာတော့ 3D Face scan လုပ်ဆောင်ချက်သစ်တွေ ပါတဲ့ 13MP ကင်မရာ သုံးသွားပါတယ်။
Photo: The Verge
ဆော့ဖ်ဝဲလ်ပိုင်းမှာ ထူးခြားတာက Google ရဲ့ နောက်ဆုံးထွက် Android 9.0 Pie နဲ့ထွက်လာတာပါပဲ။ Xperia XZ3 ကို လာမယ့် အောက်တိုဘာ ၁၇ ရက်နေ့မှာ ဒေါ်လာ ၉၀၀ (မြန်မာငွေ ၁၃ သိန်း ခွဲကျော်) ဈေးနဲ့ရောင်းချသွားမှာပါ။