စမတ်ဖုန်းတွေဟာ private data တွေ တစ်လှေကြီးထည့်ထားတဲ့ အသုံးအဆောင်ဖြစ်လာပါပြီ။ ကိုယ့်ရဲ့ ဓါတ်ပုံတွေ ၊ မက်ဆေ့တွေနဲ့ ဆက်သွယ်ရန် Contact လိုမျိုး လျှို့ဝှက်ထားရမယ့် သတင်းအချက်အလက်တွေအားလုံးက ဖုန်းထဲမှာပဲ ရှိနေပါတယ်။
ဒါကြောင့် ကိုယ်ကိုင်နေတဲ့ဖုန်း ပျောက်သွားတာဟာ ကိုယ့်အတွက် ဖုန်းတစ်လုံးဖိုး ပျောက်ဆုံးတာလောက် မဟုတ်တော့ဘဲ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ ၊ ငွေကြေးနဲ့ ဉာဏထုတ်ကုန်တွေပါ ပါသွားတယ်လို့ ဆိုရမှာပါ။ အခုခေတ်မှာ ဖုန်းထဲက အချက်အလက်တွေကို လုံခြုံအောင် ကာကွယ်ပေးမယ့် Third Party Apps နဲ့ security systems တွေ ပေါ်နေပြီဆိုပေမယ့်လည်း ကိုယ့်အချက်အလက်တွေ တခြားသူလက်ထဲ မရောက်အောင် လှမ်းပြီး ဖျက်ဖို့လိုရင် အခုပြောမယ့်နည်းလမ်းလေးတွေ သုံးနိုင်ပါတယ်။
(၁) အန်းဒရိုက်
Photo: Mensxp
အန်းဒရိုက်မှာဆို ပျောက်သွားတဲ့ဖုန်းထဲက အချက်အလက်တွေ အဝေးကနေ လှမ်းပြီး ဖျက်လို့ရတဲ့နည်းက ရှင်းပါတယ်။ Find My Device လို့ခေါ်တဲ့ ဖုန်းဘယ်နားရောက်နေသလဲ စစ်ဆေးပေးတဲ့ services လေးကနေ သွားရမှာပါ။ Find My Device ထဲ ဝင်ပြီးရင် ကိုယ့်ဖုန်းကို အဝေးကနေ PIN / Password တွေနဲ့ Lock လုပ်တာ ၊ အထဲက အကြောင်းအရာတွေ Erase လုပ်တာမျိုးတွေ လုပ်နိုင်ပါတယ်။
Android KitKat 4.4 နဲ့ အထက် Android ဖုန်းတိုင်း Find My Device App ကို သုံးနိုင်တာကြောင့် အန်းဒရိုက်ဖုန်းတိုင်း ဒီ App ကို သုံးလို့ရတယ်လို့ ဆိုနိုင်ပါတယ်။ Google Play Store ကို သွားပြီး Find My Device App ကို ဒေါင်းလုပ်ဆွဲ ၊ ကိုယ့် Google အကောင့်နဲ့ Sign In လုပ်ပြီး Location feature ကို ဖွင့်ထားဖို့ လိုမှာပါ။ ကိုယ့်ဖုန်းထဲမှာ Find My Device app ဆွဲမထားရင်လည်း ဝက်ဘ်ဆိုက်မှာ သွားပြီး ကြည့်နိုင်ပါတယ်။
သတိထားရမယ့်အချက်က အွန်လိုင်းပေါ်ကနေ ကိုယ့်ဖုန်းထဲက အချက်အလက်တွေလှမ်းဖျက်တယ်ဆိုရာမှာ microSD Cards နဲ့ သိမ်းထားတဲ့ အချက်အလက်တွေတော့ မပါပါဘူး။ ဖုန်းထဲက အချက်အလက်တွေ မဖျက်ခင် ကိုယ့်ဖုန်း အခိုးခံရတာ ဟုတ်မဟုတ် သိဖို့ Find My Device ကနေ Play Sound ဖွင့်ကြည့်သင့်ပါတယ်။ အင်တာနက်ချိတ်ထားရင် ဖုန်းသံမြည်လာပါလိမ့်မယ်။ ဖုန်းထဲက content ဖုန်းထဲက ဒေတာတွေ အပြီးတိုင်မဖျက်ချင်ရင် ဖုန်းကို Lock ချထားလို့ လည်း ရပါတယ်။ Erase လုပ်ပြီးရင်တော့ Find My Device က အဲ့ဒီဖုန်းမှာ အလုပ်လုပ်တော့မှာ မဟုတ်ပါဘူး။
(၂) iOS
Photo: Mensxp
ကိုယ်ကိုင်နေတဲ့ iPhone ပျောက်သွားလို့ ဖြစ်ဖြစ် အထားမှားလို့ပဲ ဖြစ်ဖြစ် ရှာမတွေ့ဘူးဆိုရင် Find My iPhone နဲ့ ခြေရာခံလို့ ရပါတယ်။ Find My Device လိုပဲ Find My iPhone ကလည်း ဖုန်းရှာဖို့အပြင် အထဲက အချက်အလက်တွေကို လှမ်းပြီး ဖျက်ပစ်ဖို့အတွက်ပါ သုံးနိုင်ပါတယ်။ ဒီ feature သုံးမယ်ဆိုရင် ဖုန်းတည်နေရာကို ကြည့်ဖို့ GPS နဲ့ အင်တာနက်ချိတ်ဆက်မှုလိုပါတယ်။
App Store ကနေ Find My iPhone ကို ဒေါင်းလုပ်ဆွဲပြီး Apple ID နဲ့ Sign In ဝင်နိုင်ပါတယ်။ browser ကနေဆို iCloud ဝက်ဘ်ဆိုက်ထဲ ဝင်ပြီးလည်း Find My iPhone ကို သုံးနိုင်ပါတယ်။ All Devices ဆိုတဲ့ tab အောက်မှာ ကိုယ်ရှာချင်တဲ့ device ကို နှိပ်ရမှာပါ။ အင်တာနက်ချိတ်ထားရင်တော့ play sound ဖွင့်နိုင်ပါတယ်။ အထဲက အချက်အလက်တွေ ဖျက်မယ်ဆိုရင် Erase ဆိုတဲ့ option ကို ရွေးရမှာပါ။
အခုပြောခဲ့တာကတော့ ဖုန်းတစ်လုံး မသမာသူလက်ထဲရောက်သွားတဲ့အခါ ကိုယ့်အချက်အလက်တွေ ပါမသွားအောင် အဝေးကနေ လှမ်းပြီး Wipe လုပ်တဲ့နည်းတွေပဲ ဖြစ်ပါတယ်။
Share