Google ဟာ ကုမ္ပဏီရဲ့ Android OS သစ် ဖြစ်တဲ့ Andorid Q beta သစ်ကို အန်းဒရိုက်ဖုန်းတစ်ချို့မှာ update တင်နိုင်ပြီ ဖြစ်ပါတယ်။
Google ရဲ့ Android Site ပေါ်မှာ တင်ထားတဲ့ စာရင်းအရ Android Q beta ဗားရှင်းကို Google Pixel စမတ်ဖုန်းအားလုံးနဲ့အတူ ဖုန်းအမျိုးအစား ၁၄ မျိုးမှာ သုံးနိုင်တော့မှာပါ။ အစောပိုင်းက Huawei Mate 20 Pro ဟာ Android Q beta တင်နိုင်မယ့် ဖုန်း ၁၅ မျိုးစာရင်းမှာ ပါခဲ့ပေမယ့် အခုထုတ်ပြန်ချက်မှာ ပါမလာတော့ပါဘူး။
Photo: androidauthority
ASUS Zenfone 5Z ၊ Essential Phone ၊ LG G8 ၊ Nokia 8.1 ၊ OnePlus 6T ၊ OPPO Reno ၊ Realme 3 Pro ၊ Sony Xperia XZ3 ၊ TECNO SPARK 3 Pro ၊ Vivo X27 ၊ Vivo NEX S ၊ Vivo NEX A ၊ Xiaomi Mi 9 နဲ့Xiaomi Mi Mix 3 5G တို့ဟာ Andorid Q Beta တင်နိုင်မယ့် ဖုန်းတွေ ဖြစ်ပါတယ်။ beta ဗားရှင်းဖြစ်တာကြောင့် Android Q နဲ့သုံးချိန်မှာ bug တက်တာတွေ ကြုံနိုင်ပါတယ်။
Google I/O 2019 ပွဲမှာတော့ Android Q Beta 3 ပံ့ပိုးပေးနိုင်တဲ့ ထုတ်ကုန် ၂၃ မျိုးရှိပြီး စမတ်ဖုန်းကုမ္ပဏီ ၁၂ ခုရဲ့ ထုတ်ကုန်တွေ ဖြစ်တယ်လို့ကြေညာခဲ့ပါတယ်။ Android Q beta ထဲမှာ စိတ်ဝင်စားစရာ feature သစ်များ ပါလာပြီး privacy မှာ ဘယ် apps တွေကို Permissions ပေးမလဲ ဆုံးဖြတ်နိုင်ပါတယ်။ ဒါ့အပြင် မှားဖျက်မိတဲ့ app ကို ပြန်ရယူနိုင်မယ့် Undo App Removal ၊ QR code ကို စကင်ဖတ်ပြီး WiFi ချိတ်ဆက်နိုင်မယ့် features နဲ့အတူ app တစ်ခုချင်းစီမှာ GPS ဖွင့်မဖွင့် ခွင့်ပြုပေးနိုင်မယ့် Location Control စနစ်များ ပါဝင်လာပါတယ်။
Photo: T3.com
အမေရိကန်သမ္မတရဲ့ ပိတ်ပင်တားမြစ်မှုကြောင့် Huawei ဖုန်းတွေမှာတော့ Google ရဲ့ Android OS update ကို တင်နိုင်တော့မှာ မဟုတ်ပါဘူး။ လောလောဆယ်မှာ အမေရိကန်အစိုးရအနေနဲ့Huawei ပေါ် ပိတ်ပင်အရေးယူမှုကို ရက် ၉၀ ရွှေ့ဆိုင်းထားပြီး ဒီကာလအတွင်းမှာ Huawei အနေနဲ့လက်ရှိကွန်ရက်တွေမှာ အသုံးပြုမယ့် ပစ္စည်း အစိတ်ပိုင်းတွေ ဝယ်ယူနိုင်မယ့် ယာယီလိုင်စင်ထုတ်ပေးထားပါတယ်။
ဈေးကွက်ထဲ ရောက်ထားတဲ့ Huawei ထုတ်ကုန်များမှာ Android OS updates နဲ့Google Service apps များ အသုံးပြုနိုင်ပေမယ့် ရက် ၉၀ ဖြေလျှော့ပေးမှုအလွန်မှာ Huawei ဖုန်းတွေမှာ Andorid OS update နဲ့Google Play Store ၊ Gmail နှင့် YouTube app များ အသုံးပြုခွင့် ရမှာ မဟုတ်တော့ပါဘူး။ အမေရိကန်အစိုးရရဲ့ ဖြေလျှော့ပေးမှုဟာ သြဂုတ်လ ၁၉ ရက်နေ့အထိ ရှိမှာပါ။