မနေ့ညက ကစားခဲ့တဲ့ အေစီမီလန်နဲ့ အင်တာမီလန်တို့ရဲ့ မီလန်ဒါဘီပွဲမှာတော့ အင်တာမီလန်က ၁-၂ ဂိုးနဲ့ အနိုင်ရရှိကာ စီးရီးအေချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်ပါတယ်။ လက်ကျန်ပွဲ (၅) ပွဲ ကစားဖို့သာ လိုတော့ချိန်မှာ အင်တာမီလန်က ဒုတိယနေရာက အေစီမီလန်ကို (၁၇) မှတ်အထိ ဖြတ်လိုက်နိုင်တာပါ။

မနေ့ညကပွဲ မကစားခင်အချိန်အထိ နှစ်သင်းကြား ရမှတ် (၁၄) မှတ် ကွာဟနေပြီး အေစီမီလန်အနေနဲ့ သူတို့ရှေ့မှာ အင်တာမီလန် ချန်ပီယံမဖြစ်ဖို့ တားဆီးခွင့်ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ပထမပိုင်းမှာ အဆာဘီရဲ့ သွင်းဂိုး၊ ဒုတိယပိုင်းမှာ မားကပ်စ်သူရမ်ရဲ့ သွင်းဂိုးတွေကြောင့် အေစီမီလန်တို့ နာလန်မထူနိုင်ခဲ့ပါဘူး။

ဒုတိယပိုင်း မိနစ် (၈၀) မှာ တိုမိုရီက အေစီမီလန်အတွက် ချေပဂိုးတစ်ဂိုး ပြန်သွင်းနိုင်ခဲ့ပေမယ့် ပွဲပြီးချိန်အထိ ချေပဂိုး မသွင်းနိုင်ခဲ့တာကြောင့် အင်တာမီလန်က ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့တာပါ။ ဒါ့အပြင် ပွဲကစားချိန် နောက်ဆုံးမိနစ်မှာ နှစ်ဖက်ကစားသမားတွေအကြား အချင်းများမှုတွေ ဖြစ်ပွားခဲ့ပြီး အနီကတ်တွေ ပလူပျံခဲ့ပါတယ်။
ပြဿနာကို အစပြုခဲ့တဲ့ အေစီမီလန် နောက်ခံလူ သီယိုဟာနန်ဒက်ဇ် တိုက်ရိုက်အနီကတ်ထိခဲ့သလို သီယိုဟာနန်ဒက်ဇ်နဲ့ ကိုယ်ထိလက်ရောက် အချင်းများခဲ့တဲ့ အင်တာမီလန်နောက်ခံလူ ဒမ်းဖရိုင်းစ်လည်း အနီကတ်ထိခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ အေစီမီလန် နောက်ခံလူ ကာလာဘရီယာလည်း အနီကတ်ထိခဲ့ပါတယ်။
အင်တာမီလန်ကတော့ စီးရီးအေချန်ပီယံဆုကို စောစောစီးစီး ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပြီး မြို့ခံပြိုင်ဘက်လည်းဖြစ်တဲ့ အေစီမီလန်ကို အနိုင်ယူကာ အခုလို ဆွတ်ခူးနိုင်ခဲ့တာကလည်း သူတို့အတွက် အရသာရှိခဲ့ပါတယ်။ ဒါဟာ အင်တာမီလန်အတွက်တော့ အကြိမ် (၂၀) မြောက် စီးရီးအေချန်ပီယံဆုဖြစ်ခဲ့ပါတယ်။