• Featured

    အနိမ့်ဆုံးစပါးဈေး ၅၄၀,၀၀၀ ကျပ်သတ်မှတ်မှုက စပါးစိုက်ပျိုးသူတွေ အရှုံးပေါ်မယ့် နှုန်းထားဖြစ်

မနှစ်က အနိမ့်ဆုံးစျေးထက် နှစ်သောင်းကျပ်သာ ပိုလာပါတယ်။

စပါးစိုက်တောင်သူတွေအဆင်ပြေဖို့ဆိုပြီး ယခုနှစ်မိုးစပါးအတွက်   စပါးတင်း ၁၀၀ ကို  မြန်မာကျပ်ငွေ ၅၄၀,၀၀၀ အဖြစ် တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့က အောက်တိုဘာလ ၆ ရက်က သတ်မှတ်လိုက်ပါတယ်။ 

ဒါပေမယ့် အခုနှစ်မိုးစပါးအတွက် စိုက်ပျိုးစရိတ်က အရင်နှစ်ထက် နှစ်ဆမြင့်တက်ခဲ့တာကြောင့်အနိမ့်ဆုံး စပါးဈေး ၅၄၀,၀၀၀ ကျပ်သတ်မှတ်မှုသည် စပါးစိုက် တောင်သူတွေအတွက်တော့ အရှုံးပေါ်မယ့်အခြေအနေသာဖြစ်တယ်လို့ ဆိုပါတယ်။

" အခုနှစ်က အရင်းအနှီးကကို လယ်တစ်ဧကကို ၂ သိန်းခွဲလောက် ကုန်ကျပါတယ်။ အခုသူတို့သတ်မှတ်တဲ့ဈေးက တော်တော်ကိုအဆင်မပြေတာပါ။ လယ်သမားတွေအပေါ် ဘယ်လိုစိတ်နဲ့များ သတ်မှတ်လည်းမသိတော့ပါဘူး။ တစ်ဧက စပါး ၅၀ ထွက်ရင်ကိုမမြတ်ဘူး။ အဲ့ဒီအောက်လျှော့ရင်တော့ အရှုံးပေါ့။ စပါးအထွက်နှုန်းကလျော့ ၊ ဈေးကမကောင်း တောင်သူတွေဘဝ ဒီထက်ဆိုးဖို့ပဲရှိပါတယ် " လို့ စပါးစိုက်တောင်သူ တစ်ဦးကပြောပါတယ်။

စပါးတင်း ၁၀၀ ကို အနိမ့်ဆုံး ၆၅၀၀၀၀ လောက် သတ်မှတ်ပေးမှသာ ၊ လက်ရှိဖြစ်နေတဲ့ ကုန်ဈေးနှုန်း ၊ ငွေကြေးဖောင်းပွမှုတွေ နဲ့လိုက်ပြီး တောင်သူတွေအတွက်အတန်သင့်အဆင်ပြေဖွယ်ရှိမယ်လို့ ဆိုပါတယ်။ 

" တောင်သူဘက်မကြည့်ဘဲ ဈေးသတ်မှတ်လိုက်တာလို့ပဲပြောချင်တယ်။ ဒီနှစ်ဒီလောက်အခြေအနေတွေရှုပ်ပြီး ဈေးတွေမတရားတက်နေလို့ တောင်သူတွေငြီးတွားနေတာသိရက်နဲ့ အနိမ့်ဆုံးဈေးက ၅၄၀၀၀၀ ပဲဆိုတော့ လေ။ ခုနှစ် အမြတ်မပြောနဲ့ အကြွေးကျေဖို့တောင်မလွယ်ပါဘူး။ " လို့ စပါးစိုက်တောင်သူက ဆိုပါတယ်။

image

စပါးစိုက်ခင်း လယ်တစ်ဧကအတွက် ကုန်ကျစရိတ်အနေဖြင့် လယ်ထွန်ယက်ခက ၄၀၀၀၀ ကျပ် ၊မျိုးစပါး စရိတ် ၁၀၀၀၀ ကျပ် ၊ မြက်နူတ်ခ ၂၀၀၀၀ ကျပ် ၊ ရေတင်ခ ၂၅၀၀၀ ကျပ်၊  မြေသြဇာ ၅၇၀၀၀ ကျပ်၊ စပါးရိတ်ချွေစက် ကုန်ကျစရိတ်က ၇၀၀၀၀ ကျပ် ၊ စပါးသယ်ယူပို့ဆောင်ခက ၈၀၀၀ ကျပ်၊ စတဲ့အထွေထွေ အလုပ်သမားငှါးရမ်းခစရိတ်တွေလည်း ကုန်ကျမှုရှိတယ်လို့ သိရပါတယ်။ 

လက်ရှိမှာ မိုးစပါးစိုက်ဧကခင်းများကို စတင်ရိတ်သိမ်းနေကြပြီး ၊ စပါးဈေးနှုန်းကတော့ စပါးအမျိုးအစားပေါ်မူတည်ပြီး ဝယ်ယူနေကြတာဖြစ်တယ်လို့သိရပါတယ်။

စပါး တင်း ၁၀၀ ကို ၅၄၀,၀၀၀ ထက်လျော့ပြီးမဝယ်ဖို့သတ်မှတ်လိုက်တဲ့ စပါးကတော့ အစိုဓာတ် (၁၄)% နဲ့ အဖျင်း၊ အမှော်၊ ဖုန်၊ သဲ၊ ခဲ ကင်းစင်ပြီး အရည်အသွေးဆိုင်ရာ သတ်မှတ်စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီတဲ့ တစ်တင်း (၄၆) ပေါင်ကိုက် စပါး တင်း(၁၀၀) ဖြစ်ရမယ်လို့ သတ်မှတ်ချက်ပါရှိပါတယ်။ 

မနှစ်က မိုးစပါးမှာတော့ စပါးတင်း ၁၀၀ ကိုအနိမ့်ဆုံး ၅၂၀,၀၀၀ ကျပ် သတ်မှတ်ခဲ့ပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့ထားသော သတင်း ဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က