COVID -19 ကြောင့် အနည်းဆုံးလုပ်ခလစာ နူန်းထားအသစ်ကို မသတ်မှတ်နိုင်သေးကြောင်းကို ဝန်ကြီးဌာန အနေနဲ့ တရားဝင်ထုတ်ပြန်ပေးဖို့လိုအပ်တယ်လို့ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီဝင် ကိုသက်နှင်းအောင်က ပြောပါတယ်။
"လတ်တလောမှာ အစိုးရဝန်ကြီးဌာနတွေအပါအဝင် လူမှုအဖွဲ့အစည်းတွေဟာ COVID 19 ရောဂါနဲ့ပတ်သက်တဲ့ ကုသရေး ၊ကာကွယ်ရေး ထိန်းချုပ်ရေးကို ပူးပေါင်းလုပ်ဆောင်နေတာကြောင့် နောက်ဆုံးဆွေးနွေးခဲ့တဲ့ အစည်းအဝေးပြီးကတည်းက အစည်းအဝေးထပ်မခေါ်နိုင်သေးပါဘူး။ဒါကြောင့် အခုလမှာ ထုတ်ပြန်ရမယ့် အနည်းဆုံးလုပ်ခလစာနူန်းထားသစ်ကို သတ်မှတ်ကြေညာနိုင်ခြင်းမရှိဘူး"လို့ ကော်မတီဝင် ကိုသက်နှင်းအောင်ကပြောပါတယ်။
" နောက်ဆုံးအကြိမ်အစည်းအဝေးပြီးကတည်းက အနည်းဆုံး လုပ်ခလစာနဲ့ပတ်သက်ပြီး အစည်းဝေးမခေါ်တော့ဘူး။ ဒါကြောင့်ရက်ရွှေ့ဖို့ ရာခိုင်နူန်းများသွားတယ်ထင်တယ်။ ဒါတွေကိုလည်းတရားဝင်ပြောဖို့ အမျိုးသားကော်မတီ အစည်းဝေးထိုင်ရမယ်။ပြီးရင် ဒါနဲ့ပတ်သက်လို့ ရက်ရွှေ့ဖို့စဉ်းစားတယ်ဆိုတာမျိုး၊ ဘယ်လိုအစီအစဉ်တွေရှိတယ်ဆိုတာမျိုးကို သုံးပွင့်ဆိုင်ဆွေးနွေးရမယ်။ ဒီကာလ ကိုဗစ် ၁၉ ဖြစ်ပွားနေလို့ အစည်းအဝေးမထိုင်ဖြစ်ရင်တောင် ဝန်ကြီးဌာနအနေနဲ့ တခုခုထုတ်ပြန်ပေးသင့်တယ်။"လို့ သူက ဆိုပါတယ်။
ဧပြီလ ၂၀ ရက်နေ့တွင် လှိုင်သာယာ စက်မှုဇုန်ဝန်ထမ်းများ လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်လာပုံများ (ဓာတ်ပုံ -ဝင်းလွင်)
ဒါကြောင့် အစိုးရအနေနဲ့ ကိုဗစ်ကာလမှာ အနည်းဆုံးလုပ်ခလစာ သတ်မှတ်ရေး ဆိုင်ရာအစည်းအဝေးတွေကိုရွှေ့ဆိုင်းထားတာကြောင့် ၊ နူန်းထားအသစ်ကို ခုလမှာ မသတ်မှတ်နိုင်သေးကြောင်းကို တရားဝင် ထုတ်ပြန်ပေးသင့်တာဖြစ်ပါတယ်။ဒီအချိန်မှာအလုပ်ရှင်အလုပ်သမား အစိုးရ သုံးပွင့်ဆိုင် ပြေပြေလည်လည်ဆွေးနွေး သင့်တယ်လို့လည်းဆိုပါတယ်။
" ခုက လူစုလူဝေးတွေလည်း လုပ်လို့မရဘူး။ဆာဗေးလည်းလုပ်လို့မရဘူး။လတ်တလောမှာ ကိုဗစ် ၁၉ ကာကွယ်ရေးနဲ့စီမံခန့်ခွဲရေးကိုပဲ အားစိုက်နေကြရတါကြာင့်အစည်းအဝေးလည်းထပ် ခေါ်နိုင်တဲ့အနေအထားမရှိဘူး။"လို့ ကော်မတီဝင်ဖြစ်သူ ဒေါ်ခိုင်ဇာအောင်ကလည်း ပြောဆိုထားပါတယ် ။
ကော်မတီကတော့ အနည်ဆုံးအခကြေးငွေ သတ်မှတ်တဲ့အခါ အလုပ်သမားတစ်ဦးကို တစ်ရက် ကျပ် ၇၂၀၀ ရရှိဖို့ဆွေးနွေးတောင်းဆိုသွားမှာဖြစ်ကြောင်း၊ အလုပ်သမားတွေကတော့ လုပ်ခလစာ အသစ်ကို တစ်ရက် ၉၈၀၀ ကျပ်ရရှိဖို့ လိုအပ်တယ်လို့ ပြောဆိုထားပါတယ်။
အနည်ဆုံးအခကြေးငွေဥပဒေ၂၀၁၃ မှာ အလုပ်သမားတစ်ဦးကို တစ်နာရီလျင် ၄၅၀ နှုန်းဖြင့် ၈နာရီအတွက် ၃၆၀၀ ကျပ်သတ်မှတ်ခဲ့ပြီး ၂၀၁၈ ပြဌာန်းတဲ့ အနည်းဆုံးအခကြေးငွေဥပဒေမှာတော့ အလုပ်သမားတစ်ဦးကို တစ်နာရီ ၆ဝဝ နှုန်း ဖြင့် ၈နာရီ ကို ၄၈၀၀ သတ်မှတ်ထားပါတယ်။
(အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့ထားသော သတင်းဖြစ်ပါသည်)