ကမ္ဘာ့တောင်ဝင်ရိုးစွန်းဒေသ အန္တာတိကတိုက်ကို ဦးတည်ပျံသန်းသွားတဲ့ လူ ၃၈ ဦးပါ စစ်ဘက်သယ်ယူပို့ဆောင်ရေး လေယာဥ်တစ်စီး ပျောက်ဆုံးနေကြောင်း ချီလီနိုင်ငံ လေတပ်က ပြောပါတယ်။
(C-130 Hercules အမျိုးအစား လေယာဥ်) (Photo: Getty Images)
C-130 Hercules လေယာဥ်ဟာ ချီလီနိုင်ငံ ပွန်တာအာရီနက်စ်မြို့ လေဆိပ်ကနေ ဒေသစံတော်ချိန် ညနေ ၄ နာရီ ၅၅ မိနစ်မှာ ထွက်ခွာသွားခဲ့ပြီး ညနေ ၆ နာရီ ၁၃ မိနစ်မှာ လေကြောင်းထိန်းချုပ်ရေးနဲ့ အဆက်အသွယ်ပြတ်တောက်ကာ ပျောက်ဆုံးနေခဲ့ကြောင်း သိရပါတယ်။ လေယာဥ်ပေါ်မှာ ခရီးသည် ၂၁ ဦးနဲ့ လေယာဥ်အမှုထမ်း ၁၇ ဦး လိုက်ပါသွားခဲ့ပါတယ်။
၎င်းတို့ဟာ အန္တာတိကရှိ King George ကျွန်းပေါ်မှ စစ်ဘက်အခြေစိုက်စခန်းတစ်ခုသို့ ထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်ရန်သွားရောက်ခဲ့ကြတာ ဖြစ်ပါတယ်။ ချီလီလေတပ်မှ ဗိုလ်ချုပ်ကြီး အက်ဒွါဒို မော့စ်ကွီရာက ဒေသခံမီဒီယာကို ပြောြကားခဲ့မှုအရ လေယာဥ်ဟာ အန္တရာယ်ကြုံရကြောင်း အချက်ပြထုတ်လွှင့်ခဲ့ခြင်း မရှိဘူးလို့ ဆိုပါတယ်။
(လေယာဥ်ရဲ့ နောက်ဆုံးတည်နေရာပြ မြေပုံ) (Map: @FACh_Chile/Twitter)
ပျောက်ဆုံးနေတဲ့ လေယာဥ်ရဲ့ လေယာဥ်မှူးဟာ အတွေ့အကြုံ အလွန်များသူဖြစ်ပြီး ရေထဲကို ဆင်းသက်ခဲ့ရတာမျိုး ဖြစ်နိုင်တယ်လို့လည်း လေတပ်ဗိုလ်ချုပ်ကြီးက သုံးသပ်ခဲ့ပါတယ်။ ထိန်းချုပ်ရေးစခန်းနဲ့ အဆက်အသွယ်ပြတ်တောက်သွားခဲ့စဥ် အန္တာတိကရှိ စစ်ဘက်အခြေစိုက်စခန်းသို့ မိုင် ၇၇၀ အကွာအဝေးခရီးစဥ်ရဲ့ မိုင် ၄၅၀ ခန့် ပင်လယ်ပြင်နေရာမှာ လေယာဥ် ရောက်ရှိနေခဲ့ကြောင်း လေတပ်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ချီလီလေတပ်က လေယာဥ်ရဲ့ နောက်ဆုံးသိရှိရတဲ့ တည်နေရာပြ မြေပုံကိုလည်း Twitter မှာ ထုတ်ပြန်ထားတာ တွေ့ရပါတယ်။ လက်ရှိမှာ ပျောက်ဆုံးနေတဲ့ လေယာဥ်ကို ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေကြောင်း BBC သတင်းက ဖော်ပြပါတယ်။ ပျောက်ဆုံးနေတဲ့ လေယာဥ်ဟာ လမ်းခရီးမှာ ပျက်ကျခဲ့တယ်လို့ ယူဆရကြောင်း ပြောကြားမှုတွေလည်း ရှိနေပါတယ်။
နောက်ဆက်တွဲသတင်းအရ ပျောက်ဆုံးနေတဲ့ C-130 Hercules သယ်ယူပို့ဆောင်ရေးလေယာဉ်ရဲ့ အစိတ်အပိုင်းဖြစ်တယ်လို့ ယုံကြည်ရတဲ့ အပျက်အစီးကို အဆိုပါ လေယာဉ်နဲ့ နောက်ဆုံး အဆက်အသွယ်ရခဲ့ရာနေရာမှ ၁၉ မိုင်အကွာ ပင်လယ်ပြင်မှာ တွေ့ရှိရကြောင်း ချီလီအစိုးရ တာဝန်ရှိသူတွေက ပြောကြောင်း သိရပါတယ်။