အင်္ဂလန်ပရိသတ်တွေဟာ ဆာဘီးယားနဲ့ ကစားမယ့် ယူရို - ၂၀၂၄ အုပ်စုအဖွင့်ပွဲမှာ အာနိုးလ်ကို ပွဲထွက်ကစားခွင့်ပေးဖို့ တောင်းဆိုနေကြကြောင်း သိရှိရပါတယ်။ အင်္ဂလန်ဟာ လာမယ့် ဇွန်လ (၁၆) ရက်နေ့မှာ ဆာဘီးယားနဲ့ အုပ်စုအဖွင့်ပွဲ ကစားရမှာပါ။
တစ်နေ့က အင်္ဂလန်တို့ ခြေစမ်းပွဲအဖြစ် ဘော့စနီးယားနဲ့ ကစားခဲ့ပြီး ဒီပွဲမှာ သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ အင်္ဂလန်အတွက် ဂိုးတွေကို ပါးလ်မား၊ အာနိုးလ်နဲ့ ဟယ်ရီကိန်းတို့က သွင်းယူပေးခဲ့တာပါ။
အာနိုးလ်ဟာ ဒီပွဲမှာ ဂယ်လာဂါနဲ့အတူ ကွင်းလယ်မှာ နေရာယူကစားခဲ့သလို အသင်းရဲ့ ဒုတိယဂိုးကိုလည်း ဗော်လီကန်ချက်နဲ့ ထောင့်ဖြတ်အနေအထားကတစ်ဆင့် လှလှပပ ကန်သွင်းယူခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း အင်္ဂလန်ပရိသတ်တွေက အာနိုးလ်ရဲ့ ခြေစွမ်းကို သဘောကျနှစ်သက်နေပြီး ပွဲထွက်ခွင့်ပေးဖို့ တောင်းဆိုနေကြတာပါ။
အင်္ဂလန်ပရိသတ်တွေက “တကယ်ကိုကောင်းတဲ့ ဒုတိယပိုင်းကစားပုံပါ။ အာနိုးလ်က ဆာဘီးယားနဲ့ပွဲမှာ ပွဲထွက်ကစားနိုင်ဖို့ မျှော်လင့်ပါတယ်” “အာနိုးလ်က ယူရိုမှာ ပွဲထွက်ခွင့်တစ်နေရာရသင့်ပါတယ်။ ဒါကို လပေါင်းများစွာကြာအောင် ပြောခဲ့တာပါ”
“အာနိုးလ်က အခုဆိုရင် ဂိုးတွေပါ ရလာပါပြီ။ ယူရိုပြိုင်ပွဲအတွက် ပွဲထွက်ကစားသမားစာရင်းမှာ အာနိုးလ် ပါဝင်နိုင်ဖို့ မျှော်လင့်ပါတယ်” လို့ အသီးသီး မှတ်ချက်ပေးခဲ့ပါတယ်။ အာနိုးလ်ဟာ လီဗာပူးမှာလည်း ညာနောက်ခံလူတစ်ယောက်ပဲဖြစ်ပေမယ့် နောက်ပိုင်းပွဲတွေမှာ ကွင်းလယ်နေရာကို တက်ကစားနေတာလည်း ဖြစ်ပါတယ်။