ရောဂါလက္ခဏာမပြတဲ့ ကူးစက်ခံရသူတွေကို လေ့လာဆန်းစစ်မှုအရ ဗီဇပြောင်း အိုမီခရွန်ဗိုင်းရပ်စ်အသစ်ဟာ ယခင်ရှိပြီးသား ဗိုင်းရပ်စ်တွေထက် အသက်ရှူလမ်းကြောင်းမှာ ပိုမိုလျင်မြန်စွာ ပွားများရှင်သန်နိုင်ပြီး အဆုတ်ထဲမှာတော့ ပွားများရှင်သန်မှုနှုန်း ပိုနှေးကွေးတယ်လို့ ဆိုပါတယ်။
ယခုလေ့လာမှုက နောက်ထပ် လေ့လာမှုတွေလုပ်ဆောင်ပြီး တွေ့ရှိချက်များကို အတည်ပြုရန် အကြောင်းခိုင်လုံစေခဲ့ကြောင်းနဲ့ တွေ့ရှိချက်များကို အပြန်အလှန် သုံးသပ်ပြီး အသိအမှတ်မပြုရသေးဘူးလို့ ဆိုပါတယ်။ အိုမီခရွန်နဲ့ အခြား ကိုရိုနာဗိုင်းရပ်စ်တွေကြား ပွားများမှုပုံစံ အဓိက ကွဲပြားခြားနားမှုကို သိရှိခြင်းဖြင့် အိုမီခရွန်ရဲ့ သက်ရောက်မှုကို ကြိုတင်ခန့်မှန်းရာမှာ အထောက်အကူဖြစ်စေမယ်လို့ သုတေသီတွေက ယမန်နေ့ (ဒီဇင်ဘာ ၁၅ ရက်) မှာ ပြောပါတယ်။
(Photo: Getty Images)
အစောပိုင်းမှာ တွေ့ရှိထားခဲ့တဲ့ ဒယ်လ်တာဗိုင်းရပ်စ်နဲ့ နှိုင်းယှဥ်မှုအရ အိုမီခရွန်က အသက်ရှူလမ်းကြောင်းတစ်လျှောက် တစ်ရှူးတွေထဲမှာ အဆ ၇၀ ပိုမိုလျင်မြန်စွာ ပွားများရှင်သန်တယ်လို့ ဆိုပါတယ်။ ထိုအခြေအနေက လူတစ်ဦးမှတစ်ဦးသို့ ပိုမိုလျင်မြန်စွာ ကူးစက်စေနိုင်ပါတယ်။ သို့သော် အိုမီခရွန်ဟာ အဆုတ်တစ်ရှူးတွေထဲမှာတော့ ယခင်ရှိပြီးသား ကိုရိုနာဗိုင်းရပ်စ်တွေထက် ပွားများရှင်သန်မှုနှုန်း ၁၀ ဆ ပိုနှေးကွေးရာ ထိုအချက်က ရောဂါမပြင်းထန်တဲ့ အကြောင်းရင်းဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ယခုတွေ့ရှိချက်ကို အပြန်အလှန် သုံးသပ်နေပြီး သုတေသနအဖွဲ့က ထုတ်ပြန်ခြင်းမရှိသေးဘူးလို့ Reuters သတင်းက ဖော်ပြပါတယ်။
(Photo: Getty Images)
ဟောင်ကောင်တက္ကသိုလ်ရဲ့ သတင်းထုတ်ပြန်မှုအတွင်း ယခုလေ့လာမှုကို ဦးဆောင်ခဲ့သူ ဒေါက်တာ Michael Chan Chi-wai က "လူတွေမှာ ရောဂါပြင်းထန်မှုဆိုတာကို ဗိုင်းရပ်စ်ပွားများမှု တစ်ခုတည်းကသာ အဆုံးအဖြတ်ပေးတာမဟုတ်ဘဲ ရောဂါကူးစက်မှုကို လူတစ်ဦးချင်းစီရဲ့ ကိုယ်ခံစွမ်းအားတုံ့ပြန်မှုနဲ့လည်း သက်ဆိုင်တယ်ဆိုတာ သတိပြုဖို့ အရေးကြီးပါတယ်၊ တစ်ခါတရံ ကိုယ်ခံစွမ်းအားစနစ်က အလွန်အကျွံ တုံ့ပြန်တာကြောင့် အသက်အန္တရယ်ရှိတဲ့ ခန္ဓာကိုယ်တွင်းအင်္ဂါတွေ ရောင်ရမ်းမှုဖြစ်စေပါတယ်" လို့ ပြောပါတယ်။ ယခုတွေ့ရှိမှုနဲ့ ပတ်သက်ပြီး နောက်ထပ် လေ့လာမှုတွေလိုအပ်နေသေးပေမဲ့ အိုမီခရွန်ဗိုင်းရပ်စ်အသစ်ရဲ့ ခြိမ်းခြောက်မှုကတော့ အလွန်သိသာကြောင်း ဒေါက်တာ Michael Chan Chi-wai က ဆိုပါတယ်။