Imperial College London က ပြုလုပ်ခဲ့တဲ့ လေ့လာမှုဖြစ်ပြီး အပြန်အလှန် သုံးသပ်မှုမလုပ်ရသေးပါဘူး

COVID-19 ဖြစ်ဖူးသူတွေမှာ အိုမီခရွန်ဗိုင်းရပ်စ်သစ် ပြန်လည်ကူးစက်နိုင်မှုအန္တရာယ်က ဒယ်လ်တာဗိုင်းရပ်စ်ထက် ၅ ဆ ပိုမြင့်မားကြောင်း ဗြိတိန်မှာပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုက ဆိုပါတယ်။

လတ်တလောမှာ ဥရောပတစ်လွှား ကူးစက်မှုတွေ တစ်ဟုန်ထိုးမြင့်တက်နေပြီး နှစ်သစ်ကူးပွဲတော်တွေကို ခြိမ်းခြောက်နေပါတယ်။ ယခုလေ့လာမှုကို Imperial College London (ICL) က ဗြိတိန် Health Security Agency နဲ့ National Health Service တို့ရဲ့ အချက်အလက်များအပေါ် အခြေခံပြီး ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။



နိုဝင်ဘာ ၂၉ ရက်နဲ့ ဒီဇင်ဘာ ၁၁ ရက်အတွင်း အင်္ဂလန်မှာ PCR စစ်ဆေးမှုဖြင့် COVID-19 ရှိကြောင်း အတည်ပြုထားတဲ့ လူနာတွေရဲ့ အချက်အလက်တွေကို လေ့လာဆန်းစစ်ခဲ့တယ်လို့ ဆိုပါတယ်။ "ဆေးရုံတက်ရမှု အချက်အလက်တွေနဲ့ ပတ်သက်ပြီး အလွန်အကန့်အသတ်ရှိနေဆဲဖြစ်ပေမဲ့ ဆေးရုံတက်ရမှုအန္တရာယ်နဲ့ ရောဂါလက္ခဏာအခြေအနေမှာ အိုမီခရွန်က ဒယ်လ်တာနဲ့ ရောဂါပြင်းထန်မှုပိုင်း ကွာခြားတယ်ဆိုတဲ့ အထောက်အထား မတွေ့ရဘူး" လို့ အဆိုပါ လေ့လာမှုက ပြောထားပါတယ်။

ICL က ပြုလုပ်ခဲ့တဲ့ ယခုလေ့လာမှုအရ အိုမီခရွန်ဟာ COVID-19 ဖြစ်ခဲ့ဖူးသူတွေမှာ ပြန်လည်ကူးစက်နိုင်တဲ့အန္တရာယ် ဒယ်လ်တာထက် ၅.၄ ဆ ပိုမြင့်မားကြောင်း ဒီဇင်ဘာ ၁၆ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။ ယခင် COVID-19 ဖြစ်ခဲ့ဖူးတာအရ အိုမီခရွန်ကူးစက်မှုကို ကာကွယ်နိုင်မှုဟာ ၁၉ ရာခိုင်နှုန်းအထိသို့ လျော့ကျသွားနိုင်တယ်လို့ ICL လေ့လာမှုကဆိုပါတယ်။ သို့သော် ICL လေ့လာတွေ့ရှိချက်ကို အပြန်အလှန် သုံးသပ်ရခြင်း မရှိသေးကြောင်း သိရပါတယ်။

ကာကွယ်ဆေးထိုး နှစ်ကြိမ်ထိုးပြီး သီတင်းနှစ်ပတ် သို့မဟုတ် ထိုထက်ပိုကြာသူတွေနဲ့ booster shot ထိုးပြီး သီတင်းနှစ်ပတ် သို့မဟုတ် ထိုထက်ပိုကြာသူတွေမှာ ရောဂါလက္ခဏာ ဖြစ်ပေါ်တဲ့အန္တရာယ်ဟာ အိုမီခရွန်ကူးစက်မှုက ဒယ်လ်တာနဲ့ နှိုင်းယှဥ်လျှင် သိသိသာသာ မြင့်တက်လာကြောင်းလည်း လေ့လာမှုက ပြောထားပါတယ်။ ICL လေ့လာမှုမှာ AstraZeneca နဲ့ Pfizer ကာကွယ်ဆေးတို့ ပါဝင်ပါတယ်။

သို့သော် ယခုလေ့လာတွေ့ရှိမှု အချက်အလက်တွေကို အဓိပ္ပါယ်ကောက်ယူမှု မလွန်ကဲရန် အရေးကြီးကြောင်း ဗြိတိန် ကာကွယ်ဆေးလုပ်ငန်းအဖွဲ့ရဲ့ ယခင်ဥက္ကဖြစ်သူ ဒေါက်တာ Clive Dix က ဆိုပါတယ်။ "အိုမီခရွန်နဲ့ ပတ်သက်ပြီး လုံလောက်တဲ့အချက်အလက် မရရှိသေးတဲ့နေရာမှာ ထင်မြင်ယူဆထားချက်တွေအပေါ် အခြေခံပြီး ကောက်ချက်တွေချထားတာပါ၊ ဥပမာအနေနဲ့ဆိုရင် ကာကွယ်ဆေးတွေကို ထိရောက်မှုဖြစ်စေနိုင်တဲ့ ကိုယ်ခံစွမ်းအားတုံ့ပြန်မှု အချက်အလက်‌တွေ ကျွန်တော်တို့မှာ မရှိပါဘူး" လို့ ၎င်းက ပြောပါတယ်။

ယခုအခါ ကမ္ဘာ့နိုင်ငံပေါင်း ၈၀ ကျော်မှာ အိုမီခရွန်ကူးစက်မှုများ တွေ့ရှိထားကြောင်း သိရပါတယ်။ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ် အိုမီခရွန်ဟာ ကမ္ဘာတစ်ဝန်း မကြုံစဖူးနှုန်းဖြင့် ကူးစက်ပျံ့နှံ့နေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ယခုသီတင်းပတ်အတွင်း သတိပေးခဲ့ပါတယ်။

ဒယ်လ်တာဗိုင်းရပ်စ်နဲ့ နှိုင်းယှဥ်မှုအရ အိုမီခရွန်က အသက်ရှူလမ်းကြောင်းတစ်လျှောက် တစ်ရှူးတွေထဲမှာ အဆ ၇၀ ပိုမိုလျင်မြန်စွာ ပွားများရှင်သန်တယ်လို့ ဟောင်ကောင်တက္ကသိုလ်က ပြုလုပ်ခဲ့တဲ့ နောက်ထပ် လေ့လာမှုတစ်ခုက ဆိုပါတယ်။ ထိုအခြေအနေက လူတစ်ဦးမှတစ်ဦးသို့ ပိုမိုလျင်မြန်စွာ ကူးစက်စေနိုင်ပါတယ်။ သို့သော် အိုမီခရွန်ဟာ အဆုတ်တစ်ရှူးတွေထဲမှာတော့ ယခင်ရှိပြီးသား ကိုရိုနာဗိုင်းရပ်စ်တွေထက် ပွားများရှင်သန်မှုနှုန်း ၁၀ ဆ ပိုနှေးကွေးရာ ထိုအချက်က ရောဂါမပြင်းထန်တဲ့ အကြောင်းရင်းဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ယခုတွေ့ရှိချက်ကို အပြန်အလှန် သုံးသပ်နေပြီး သုတေသနအဖွဲ့က ထုတ်ပြန်ခြင်းမရှိသေးဘူးလို့ Reuters သတင်းက ဖော်ပြပါတယ်။ အိုမီခရွန်နဲ့ ပတ်သက်ပြီး ပိုမိုတိကျစွာ သိရှိနားလည်နိုင်ရန် နောက်ထပ် လေ့လာမှုတွေလိုအပ်နေသေးပေမဲ့ ထိုဗိုင်းရပ်စ်အသစ်ရဲ့ ခြိမ်းခြောက်မှုကတော့ အလွန်သိသာကြောင်း ဟောင်ကောင်တက္ကသိုလ်ရဲ့ လေ့လာမှုကို ဦးဆောင်သူ ဒေါက်တာ Michael Chan Chi-wai က ပြောပါတယ်။

Photo and Infographic: Reuters, BBC


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က