ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ် အိုမီခရွန်ဟာ ဥရောပတစ်လွှား လျှပ်စီးကဲ့သို့ အမြန်နှုန်းဖြင့် ကူးစက်ပျံ့နှံ့နေကြောင်းနဲ့ လာမယ့်နှစ်အစမှာ ပြင်သစ်နိုင်ငံအတွင်း အဓိက ကူးစက်တဲ့ဗိုင်းရပ်စ်ဖြစ်လာဖွယ်ရှိကြောင်း ပြင်သစ်ဝန်ကြီးချုပ် JMean Castex က သတိပေးလိုက်ပါတယ်။
ပြင်သစ်မှာ ဗြိတိန်ကနေ ဝင်ရောက်လာသူတွေကို တင်းကျပ်တဲ့ ခရီးသွားလာမှု ကန့်သတ်ချက်တွေ မထုတ်ပြန်မီ ယမန်နေ့ (ဒီဇင်ဘာ ၁၇ ရက်) မှာ ဝန်ကြီးချုပ် JMean Castex က ထိုသို့ သတိပေး ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။ ဥရောပဒေသတွင်း ဗြိတိန်နိုင်ငံမှာ အိုမီခရွန်ကူးစက်မှု အပြင်းထန်ဆုံး ကြုံနေရပြီး ယမန်နေ့အထိ ကူးစက်ခံရသူ ၁၅,၀၀၀ နီးပါးရှိခဲ့ပါတယ်။
(ပြင်သစ်ဝန်ကြီးချုပ် ဝန်ကြီးချုပ် JMean Castex) (Photo: AFP)
ဥရောပတိုက်မှာ ကူးစက်မှုလှိုင်းတစ်ခု ဖြစ်ပေါ်လာနိုင်တဲ့အတွက် ကျန်းမာရေးတာဝန်ရှိသူတွေက ပြင်ဆင်နေကြပါတယ်။ ဂျာမနီ၊ အိုင်ယာလန်နဲ့ နယ်သာလန် နိုင်ငံတွေမှာ အစိုးရတွေက ကူးစက်မှုလှိုင်းကို ထိန်းချုပ်နိုင်ရန် နောက်ထပ် စည်းမျဥ်းကန့်သတ်ချက်တွေ ယမန်နေ့က ထုတ်ပြန်ခဲ့ကြောင်း BBC သတင်းက ဖော်ပြပါတယ်။
ဂျာမနီမှာ ဒီဇင်ဘာ ၁၇ ရက် ထုတ်ပြန်ချက်အရ ကူးစက်မှု ၅၀,၀၀၀ တိုးလာခဲ့ပြီး ယခင် မကြုံခဲ့ရဖူးတဲ့ စိန်ခေါ်မှုအတွက် ကြိုတင်ပြင်ဆင်ရမယ်လို့ ကျန်းမာရေးဝန်ကြီး Karl Lauterbach က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ ထိုအတောအတွင်း အိုင်ယာလန်မှာ တတိယမြောက် အိုမီခရွန်ကူးစက်မှုတစ်ခု တွေ့ရှိခဲ့ရပြီး ကူးစက်မှုတွေဟာ ယနေ့အထိ ကြုံခဲ့ရဖူးသမျှနှုန်းထက် ပိုမိုမြင့်မားမယ်လို့ တာဝန်ရှိသူတွေက ခန့်မှန်းထားပါတယ်။
(Photo: Getty Images)
ဗြိတိန်မှာ COVID-19 ကူးစက်မှုတွေ တတိမြောက်နေ့အဖြစ် ဆက်တိုက် စံချိန်တင်မြင့်တက်ကာ ၉၃,၀၀၀ တွေ့ရှိခဲ့ရပြီး အများအပြားဟာ အိုမီခရွန်ဗိုင်းရပ်စ်သစ်ကြောင့် ဖြစ်ပါတယ်။ ထိုအခြေအနေတွေအရ အလည်အပတ်နဲ့ စီးပွားရေးကိစ္စအတွက် ဗြိတိန်မှလာရောက်သူတွေကို ပြင်သစ်နိုင်ငံက ယမန်နေ့မှစပြီး ဝင်ခွင့်ပိတ်ပင်လိုက်ပါတယ်။ အလားတူ အခြား ဥရောပဒေသတွင်း နိုင်ငံတွေကလည်း ခရီးသွားလာမှုအပေါ် ကန့်သတ်ချက်တွေ အသီးသီး ထုတ်ပြန်လာကြပါတယ်။
ဥရောပနိုင်ငံတွေက ဒေသတွင်းမှာ အိုမီခရွန်ဗိုင်းရပ်စ်သစ်ကြောင့် COVID-19 ကူးစက်မှုတွေ တစ်ဟုန်းထိုး မြင့်တက်လာနိုင်တဲ့ အခြေအနေအတွက် ကြိုတင်ပြင်ဆင်မှုအဖြစ် ခရစ်စမတ်မတိုင်မီ ကပ်ရောဂါဆိုင်ရာ စည်းမျဥ်းကန့်သတ်ချက်တွေ သတ်မှတ်ထုတ်ပြန်ရေး လုပ်ဆောင်နေကြကြောင်း သိရပါတယ်။ လက်ရှိအချိန်အထိ ဗီဇပြောင်း အိုမီခရွန်ဗိုင်းရပ်စ်သစ် ကူးစက်မှုတွေကို ကမ္ဘာ့နိုင်ငံ ၈၀ ကျော်မှာ တွေ့ရှိထားပါတယ်။