အဓိကအားဖြင့် ခရစ်စမတ်အကြိုနေ့ဟာ လေကြောင်းခရီးသွားလာမှု အများဆုံးနေ့ ဖြစ်ပါတယ်

ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် အိုမီခရွန်ကြောင့် COVID-19 ကူးစက်မှုတွေ မြင့်တက်လာရာ ကမ္ဘာတစ်ဝန်း စီးပွားဖြစ်လေကြောင်းလိုင်းတွေရဲ့ လေယာဥ်ခရီးစဥ် ၄,၃၀၀ ကျော်ကို ဖျက်သိမ်းလိုက်ရပြီး အားလပ်ရက်ခရီးထွက်သူတွေအတွက် မရေရာမှုနဲ့ စိတ်ဆင်းရဲရမှု ပိုမိုကြီးမားလာစေခဲ့ပါတယ်။

ခရစ်မတ်အကြိုနေ့ဖြစ်တဲ့ သောကြောနေ့ (ဒီဇင်ဘာ ၂၄ ရက်) မှာ ကမ္ဘာတစ်ဝန်း လေယာဥ်ခရီးစဥ် အနည်းဆုံး ၂,၃၆၆ ခု ဖျက်သိမ်းခဲ့ရပါတယ်။ အဓိကအားဖြင့် ခရစ်စမတ်အကြိုနေ့ဟာ လေကြောင်းခရီးသွားလာမှု အများဆုံးနေ့လည်းဖြစ်ကြောင်း လေယာဥ်ပျံသန်းမှု ခြေရာခံစောင့်ကြည့်ဝက်ဘ်ဆိုက် FlightAwar.com ရဲ့ အချက်အလက်တွေအရ သိရှိရပါတယ်။



လေယာဥ်ခရီးစဥ် ၉,၀၀၀ ကျော် နှောင့်နှေးခဲ့ရကြောင်းလည်း သိရပါတယ်။ ထိုဝက်ဘ်ဆိုက်မှာ ဖော်ပြမှုအရ ခရစ်စမတ်နေ့ လေယာဥ်ခရီးစဥ် ၁,၆၁၆ ခုနဲ့ တနင်္ဂနွေ့နေ့ (ဒီဇင်ဘာ ၂၆ ရက်) လေယာဥ်ခရီးစဥ် ၃၆၅ ခု ဖျက်သိမ်းခဲ့ရတယ်လို့ ဆိုပါတယ်။ ယခုသီတင်းပတ်ကုန်မှာ ကမ္ဘာတစ်ဝန်း လေယာဥ်ခရီးစဥ် ဖျက်သိမ်းရမှုတွေရဲ့ လေးပုံတစ်ပုံကျော်ဟာ အမေရိကန်နိုင်ငံ အဝင်အထွက် ခရီးစဥ်များဖြစ်ကြောင်း FlightAware အချက်အလက်တွေက ဖော်ပြပါတယ်။

ခရီးစဥ်အများအပြားကို ဖျက်သိမ်းလိုက်တဲ့ လေကြောင်းလိုင်းတွေအနက် United Airlines နဲ့ Delta Air Lines တို့က ပထမဆုံးဖြစ်ပြီး ဒီဇင်ဘာ ၂၄ ရက် တစ်ရက်တည်းမှာ လေယာဥ်ခရီးစဥ် ၂၈၀ နီးပါး ဖျက်သိမ်းခဲ့ပါတယ်။ COVID-19 ကူးစက်မှုတွေ မြင့်တက်လာမှုအတွင်း ဝန်ထမ်းအရေအတွက် နည်းပါးတာကြောင့်လို့ ထိုလေကြောင်းလိုင်းတွေက ဆိုပါတယ်။

အမေရိကန်မှာ လတ်တလော ရက်များအတွင်း အလွန်ကူးစက်မြန် အိုမီခရွန်ဗိုင်းရပ်စ်ကြောင့် COVID-19 ကူးစက်မှုတွေ တစ်ဟုန်ထိုးမြင့်တက်နေပါတယ်။ အမေရိကန်မှာတွေ့ရတဲ့ ကူးစက်မှုတွေရဲ့ လေးပုံသုံးပုံနီးပါးဟာ အိုမီခရွန်ကူးစက်မှုဖြစ်ပြီး Eastern Seaboard ကဲ့သို့ အချို့နေရာတွေမှာ ၉၀ ရာခိုင်နှုန်းအထိဖြစ်ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အမေရိကန်မှာ နေ့အလိုက် COVID-19 ကူးစက်မှုဟာ ၄၅ ရာခိုင်နှုန်ူး မြင့်တက်ပြီး ၁၇၉,၀၀၀ ဖြစ်လာကြောင်း Reuters သတင်းဌာနရဲ့စာရင်းက ဖော်ပြပါတယ်။ နယူးယော့ခ်မှာ ဒီဇင်ဘာ ၂၄ ရက် တစ်ရက်တည်းမှာ ကူးစက်မှု ၄၄,၀၀၀ကျော် တွေ့ရှိခဲ့ပြီး ပြည်နယ်ရဲ့နေ့အလိုက် ကူးစက်မှုအများဆုံးစံချိန်ကို ကျော်လွန်ခဲ့ပါတယ်။

အမေရိကန်ပြည်နယ် ၁၀ ခုထက်မနည်းမှာ ဒီဇင်ဘာ ၂၃ သို့မဟုတ် ၂၄ ရက်နေ့တွေက တစ်ရက်အတွင်း ကူးစက်မှုများ စံချိန်တင်မြင့်တက်ခဲ့ကြောင်းလည်း သိရပါတယ်။ အမေရိကန်ကဲ့သို့ပင် ဗြိတိန်မှာ အိုမီခရွန်ကြောင့် COVID-19 ကူးစက်မှုတွေ သိသိသာသာ မြင့်တက်နေမှုကို ရင်ဆိုင်နေရပါတယ်။ လန်ဒန်မြို့မှာ လူ ၁၀ ဦးလျှင် တစ်ဦး ကူးစက်ခံခဲ့ရကြောင်း Office for National Statistics (ONS) က ခန့်မှန်းခဲ့ပါတယ်။

အစိုးရ အချက်အလက်တွေအရ ဒီဇင်ဘာ ၂၄ ရက်နေ့မှာ ဗြိတိန်တစ်ဝန်း ကူးစက်မှု ၁၂၂,၁၈၆ ခုဖြင့် အမြင့်ဆုံး စံချိန်တင်ခဲ့ပြီး နေ့အလိုက် ကူးစက်မှု ၁၀၀,၀၀၀ ကျော် သုံးရက်ဆက်တိုက် တွေ့ရှိရမှုဖြစ်လာခဲ့ပါတယ်။ ဥရောပတစ်လွှားမှာလည်း COVID-19 ကူးစက်မှုတွေ မြင့်တက်နေတာကြောင့် ကန့်သတ်မှုအသစ်များ သတ်မှတ်ဆောင်ရွက်နေရပါတယ်။

ကမ္ဘာတစ်ဝန်း အိုမီခရွန်ကူးစက်မှုတွေကြောင့် မရေရာမှုတွေနဲ့ သတင်းဆိုးတွေ ရှိနေပေမဲ့ သန်းနဲ့ချီတဲ့ အမေရိကန်တွေကတော့ ကပ်ရောဂါလွှမ်းမိုးထားတဲ့ ဒုတိယမြောက် အားလပ်ရက်ကာလမှာ ခရီးသွားမယ့် အစီအစဥ်တွေ ဆက်လုပ်နေခဲ့ကြတယ်လို့ Reuters သတင်းက ပြောပါတယ်။

Photo: Reuters


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က