သောက်သုံးသူတွေအကြိုက်တွေ့တာကြောင့် လက်မလည်အောင်ရောင်းရပြီး တစ်နေ့ကို ၄ သိန်းဖိုးလောက်ရောင်းရတဲ့ဆိုင်လေးပါ။

စမ်းချောင်းမြို့နယ် ဗဟိုလမ်းမပေါ် ဂွဈေးအနီးတစ်ဝိုက်ကို ဖြတ်သွားတဲ့သူတိုင်း အရောင်အသွေးစုံလင်လှတဲ့ အုန်းစိမ်းရောင်းတဲ့လှည်းလေးတစ်ခုကို မြင်တွေ့ကြရမှာပါ။ စိတ်တိုင်းကျ အုန်းစိမ်းရည်နှင့် အုန်းရှာလပတ်ရည် ဆိုပြီး ဆိုင်းဘုတ်လေးထောင်ထားပြီး ယိုးဒယားသီချင်းမြူးမြူးလေး ဖွင့်ထားတဲ့ အုန်းရည်ဆိုင်လေးကတော့ ဘန်ကောက်မြို့ရဲ့ Steet Food ဆိုင်တွေမှာ မြင်တွေ့ရတဲ့ ပုံစံမျိုးလေးနဲ့ တမူထူးနေပြီး အမြဲသောက်သုံးသူတွေနဲ့ စည်ကားနေတာ တွေ့ရတတ်ပါတယ်။



ကရင်လူမျိုးတစ်ဦးရဲ့ အုန်းစိမ်းသည်ဘဝ

ဒီဆိုင်လေးကတော့ ကရင်လူမျိုးတစ်ဦးဖြစ်သူ ကိုသန်းမင်းဦးရဲ့ အုန်းစိမ်းနဲ့ အုန်းရှာလပတ်ရည်ဆိုင်လေးပဲ ဖြစ်ပါတယ်။ သူနေထိုင်ရာ ဇာတိရွာကနေ ရန်ကုန်မြို့ကို တက်လာခဲ့ပြီး အုန်းစိမ်းရောင်းတဲ့အလုပ်နဲ့ ဘဝကို အသက်မွေးခဲ့သူပါ။

“ ကျွန်တော်က အုန်းစိမ်းရောင်းတဲ့ဘဝကို ၂၀၁၅ ခုနှစ်မှာစခဲ့တယ်။ ဒီစမ်းချောင်းမှာပဲ အထိုင်ပဲရောင်းတာပေါ့။ အဲဒီလိုရောင်းနေရင်းက တစ်ခုခုဆန်းသစ်အောင် ဘာလေးလုပ်ရင်ကောင်းမလဲဆိုပြီး ဒီအုန်းရှာလပတ်ကို စမ်းသပ်ဖျော်ခဲ့တာပါ။ နောက်ပြီး ကျွန်တော်ကအတန်းကျောင်းပညာမတတ်ဘူး။ ဒါပေမယ့်လည်း အတတ်ပညာတစ်ခုတော့ တတ်သင့်တယ်ဆိုပြီး အုန်းရှာလပတ်လုပ်နည်းကို ဆန်းသစ်တီထွင်ခဲ့တယ်” လို့ ကိုသန်းမင်းဦးက ဆိုပါတယ်။

ကိုသန်းမင်းဦးရဲ့ အုန်းရှာလပတ်ရည်ဖြစ်လာပုံ အစ

အုန်းရှာလပတ်ရည်ကတော့ ကိုသန်းမင်းဦးတို့ ငယ်စဉ်ဘဝကတည်းက ရွာမှာ သောက်လေ့ရှိတာကြောင့် အစိမ်းသက်သက်တော့မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ဖျော်ရည်အဖြစ်လုပ်ရောင်းရာမှာ သောက်သုံးသူတွေအကြိုက်၊ ရောင်းတန်းဝင် ဖျော်ရည်ဖြစ်အောင်တော့ ထူးခြားဆန်းသစ်တဲ့ သူ့ရဲ့ စိတ်ကူးနဲ့ တီထွင်ခဲ့တာဖြစ်ပါတယ်။

“ ကျွန်တော်တို့ ရွာမှာနေတုန်းကဆို လယ်သိမ်းချိန်ဆို အုန်းသီးတွေကို ဘယ်လိုလုပ်လဲဆိုတော့ အုန်းသီးတွေကို ခူးပြီးခွဲ စတီးအိုးထဲထည့် ရေခဲ့ထည့် သကြားထည့် အုန်းသီးဖတ်တွေ ထည့်ပြီး ရောမွှေသောက်ကြတာ အဲဒီကနေ ကိုယ်စားပြုပြီး အုန်းရှာလပတ်ရည်ဖြစ်လာတာပဲ။ အဲဒါနဲ့ ကျွန်တော် You tube ကတစ်ဆင့် ထိုင်းမှာ လုပ်တဲ့ အုန်းစိမ်းရည်ကို Smoothie လုပ်နည်းတို့ ကို ကြည်ပြီး ဒီဟာကို ဘယ်လိုလုပ်ရင်ကောင်းမလဲလို့ ထိုးဖောက်ဖို့စဉ်းစားပြီးတော့ အုန်းရှာလပတ်ရည်ကို စမ်းလုပ်ကြည့်တာပါ။ စမ်းလုပ်ကြည့်ပြီး မရောင်းသေးဘူး။ ရိုးရိုးအုန်းစိမ်းရောင်းနေရင်းကနေ အုန်းရှာလပတ်ကို ဖျော်ထားတယ်။ ဝယ်သူတွေကို အလကားတိုက်တယ်။ ဝယ်သူတွေပါးစပ်ထဲ ခံတွင်းတွေ့လာပြီး ကြိုက်ပြီဆိုမှ စရောင်းတယ်” လို့ ကိုသန်းမင်းဦးက ပြောပါတယ်။

စားသုံးသူတွေအကြိုက် စိတ်ကြိုက်ဖျော်ပေးတဲ့ ကိုသန်းမင်းဦးရဲ့ အုန်းရှာလပတ်

“ စိတ်တိုင်းကျ” ဆိုတဲ့ ဆိုင်နာမည်လေးအတိုင်းပဲ သောက်သုံးသူတွေအကြိုက် ဖျော်စပ်ပေးတယ်လို့ဆိုပါတယ်။ “အုန်းသီးဆိုလည်း နုနုဖတ်ဖတ်၊ လုံးဝအော်ဂဲနစ်ကိုသုံးထားတယ်။ အုန်းရှာလပတ်ရည်ဆိုတဲ့ အတိုင်း သောက်လိုက်ရင် လျှာကိုလည်ပတ်သွားစေမယ့် အဓိပ္ပယ်ပေါ့။ ကျွန်တော့်ဆိုင်မှာ မသောက်မိစေနဲ့ ၊ တစ်ခါသောက်မိရင် နောက်နေ့မှာ ထပ်သောက်ချင်သွားမယ်” လို့ ကိုသန်းမင်းဦးက ဆိုပါတယ်။

တစ်နေ့ကိုအုန်းသီး အလုံး (၃၀၀) ရောင်းရတဲ့ စိတ်တိုင်းကျ ဆိုင်လေး

ယခင်ကတော့ ဒီဆိုင်လေးမှာ အုန်းသီးနဲ့ ပတ်သက်ပြီး ဆေးအုန်း၊ ဂျယ်လီအုန်း၊ ဇွန်းခြစ်အသားပါး၊ အသားထူ၊ ဇွန်းခြစ် အသားလုံး စတဲ့ အုန်းသီးကို ပုံစံမျိုးစုံလုပ်ပြီး ရောင်းချခဲ့ပေမယ့် အခုတော့ အုန်းစိမ်းရည်နဲ့ အုန်းရှာလပတ်ရည်ကိုသာ အဓိကထားရောင်းနိုင်တော့တယ်လို့ဆိုပါတယ်။ ဒီနှစ်မျိုးတည်းရောင်းတာတောင် တစ်နေ့ကို အုန်းသီး အလုံးရေ (၃၀၀) ကျော်ခန့်ရောင်းရပြီး ရောင်းရငွေကတော့ တစ်နေ့ကို (၄) သိန်းကျော်လောက် ရရှိတာဖြစ်ပါတယ်။

ဒီဆိုင်လေးကို အားပေးချင်တယ်ဆိုရင်တော့

ကိုသန်းမင်းဦးရဲ့ စိတ်တိုင်းကျ အုန်းရှာလပတ်ရည်ဆိုင်ကတော့ စမ်းချောင်းမြို့နယ်၊ ဂွဈေးအနီး၊ ဗဟိုလမ်းမပေါ်၊ ကျိုက်လတ်လမ်းအနီးမှာဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ ညနေ (၄) နာရီလောက်ဆို စရပါပြီ။ ဒါကြောင့်မို့ ပူပြင်းတဲ့ ရာသီဥတုမှာ အရသာလည်းကောင်း၊ ကျန်းမာရေးနဲ့လည်း ညီညွတ်တဲ့ အုန်းရှာလပတ်ရည် အေးအေးလေး သောက်ချင်သူတွေအတွက်ကတော့ စိတ်တိုင်းကျ အုန်းရှာလပတ်ရည်ဆိုင်လေးကတော့ အဆင့်သင့်စေမှာပါနော်။ 

Share

Loading Next Article...
က္က