Google နဲ့Facebook တို့ရဲ့ ခြေရာခံ ဆော့ဖ်ဝဲလ်တွေဟာ porn site တွေမှာလည်း ကျယ်ကျယ်ပြန့်ပြန့်သုံးနေကြတယ်လို့လေ့လာမှုတစ်ခုက ဆိုပါတယ်။
Microsoft ၊ ကာနက်ဂျီ မယ်လ်လွန် တက္ကသိုလ် နဲ့ပင်ဆယ်လ်ဗေးနီးယားတက္ကသိုလတို့မှ သုတေသနပညာရှင်တွေဟာ အပြာဝက်ဘ်ဆိုက် ၃၃၄၈၄ ခုကို လေ့လာခဲ့ပြီး ဒီဆိုက်တွေကို သုံးစွဲသူ ၉၃% ရဲ့ အချက်အလက်တွေဟာ Third Party တစ်ခုကို ပေါက်ကြားသွားနေတယ်လို့တွေ့ရှိခဲ့တာပါ။ ဒီလေ့လာမှုအရ Google ဟာ Third party ကုမ္ပဏီတွေထဲမှာ နံပါတ်တစ်ဖြစ်ပြီး Facebook ဟာ porn sites တွေရဲ့ ၁၀% မှာ ခြေရာခံစနစ်တွေ သုံးထားတယ်လို့ဆိုပါတယ်။

Photo: boingboing
ဒီဖြစ်ရပ်ဟာ Incognito mode သုံးသူတွေမှာပါ ကြုံတွေ့နေတာ ဖြစ်တယ်လို့CNET သတင်းမှာ ဖော်ပြထားပါတယ်။ ဝက်ဘ်ဆိုက်တွေထဲ မွှေကြည့်သူတွေဟာ ကိုယ့်ရဲ့ Browsing History ကို တစ်ခြားသူတွေမသိစေဖို့Incognito mode သုံးပေမယ့် ကွန်ပျူတာထဲ သိမ်းထားတဲ့ Browsing History ပဲ ဖျက်ပေးတာပါ။ porn site တွေထဲက ၄၅% ရဲ့ URLs ထဲမှာ ဝက်ဘ်ဆိုုက်ထဲက content ရဲ့ သဘောသဘာဝ ၊ သုံးစွဲသူရဲ့ လိင်ပိုင်း နှစ်သက်မှုအကြောင်းကို ပြတာ ဖြစ်လို့Third party ဆိုက်တွေကနေ ယူသွားတဲ့ အချက်အလက်တွေဟာ အန္တရာယ်ရှိတယ်လို့လည်း ဒီလေ့လာမှုကို လုပ်ဆောင်ခဲ့သူတွေက ဆိုပါတယ်။
" သုံးစွဲသူဆီက ခွင့်ပြုမှု မပါဘဲ ဒီလို အချက်အလက်ယူတာဟာ လူတိုင်းအတွက် အန္တရာယ်ရှိပါတယ်။ ဒါဟာ အများပြည်သူဘဝနဲ့ဆန့်ကျင်တဲ့ စံနှုန်းတွေနဲ့လွဲနေတဲ့ porn အသုံးပြုသူတွေအဖြစ် ပြဿနာရှိနိုင်ပါတယ်။" လို့လေ့လာသူတွေက ပြောပါတယ်။
Photo: techspot
အမေရိကန်က ကြော်ငြာနဲ့ဗွီဒီယိုရုပ်သံ ပလက်ဖောင်းတွေဟာ အရွယ်ရောက်သူတွေ ကြည့်နိုင်တဲ့ အကြောင်းအရာတွေကို တားမြစ်ပိတ်ပင်မှု ရှိပါတယ်။ Google ပိုင် YouTube ဗွီဒီယိုပလက်ဖောင်းမှာလည်း pornography ဆိုင်ရာတွေ ခွင့်ပြုချက် မပေးပေမယ့် Google API နဲ့Google Analytics တို့မှာတော့ ဒီလို ဝက်ဘ်ဆိုက်တွေကို တားမြစ်ရမယ့် မူဝါဒမရှိပါဘူး။
Facebook ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဂျိုးအော့စဘွန်းကတော့ ကုမ္ပဏီရဲ့ လူမှုစံနှုန်းသတ်မှတ်ချက်အရ Adult ဝက်ဘ်ဆိုက်တွေဟာ စည်းကမ်းဖောက်ဖျက်မှုအဖြစ် သတ်မှတ်ထားပြီး တွေ့တာနဲ့ဖယ်ရှားတယ်လို့ပြောပါတယ်။ ဒီလေ့လာမှုမှာ ပါဝင်ခဲ့တဲ့ Microsoft သုတေသီ အီလီနာ မာရစ္စကတော့ ယခုလို ခြေရာခံခြင်းဟာ ပုဂ္ဂိုလ်ရေးဆန်တယ် ဆိုတာထက် ပိုတယ်လို့ဆိုပါတယ်။