သမ္မတဟောင်း ဒေါ်နယ်ထရမ့်ရဲ့ Social Media ပလက်ဖောင်းကို ဖေဖော်ဝါရီ ၂၁ ရက်နေ့က အမေရိကန် Apple App Store မှာ လွှင့်တင်ခဲ့ပါတယ်။
Twitter ၊ Facebook နဲ့ YouTube တို့ကနေ Ban ခံ ထိထားတဲ့ သမ္မတဟောင်းဟာ Truth Social နာမည်နဲ့ ကိုယ်ပိုင် Social Media ပလက်ဖောင်းထောင်လိုက်တာ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု သမ္မတများနေ့မှာ App Store ပေါ် ဖြန့်ချိခဲ့တဲ့ Truth Social App ကို အသုံးပြုဖို့ ကနဦးမှတ်ပုံတင်တဲ့ အကောင့်တွေဟာ နည်းပညာပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ Business Insider သတင်းက ဖော်ပြပါတယ်။
အရှေ့တိုင်းစံတော်ချိန် တနင်္ဂနွေနေ့ည ၁၁ နာရီ ၂၄ မိနစ်ခန့်က Public ကို ဖြန့်ချိလိုက်တဲ့ ဒီ App ဟာ ဖြန့်ချိပြီး မကြာခင်မှာ နည်းပညာချို့ယွင်းမှုတွေနဲ့ ကြုံခဲ့ရတာ ဖြစ်ပါတယ်။ App Store မှာ Truth Social App ကို ဒေါင်းလုပ်ဆွဲပြီး Registered လုပ်တဲ့ သုံးစွဲသူတွေဟာ မွေးနေ့ ၊ အီးမေးလ် နဲ့ ဖုန်းနံပါတ်တွေ ထည့်သွင်းပြီး အကောင့်ဖန်တီးဖို့ လုပ်ချိန်မှာ "တစ်ခုခု မှားနေပါသဖြင့် ပြန်ကြိုးစားကြည့်ပါ" ဆိုတဲ့ သတိပေးစာနဲ့ပဲ ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။
Photo: CNet
တချို့သူတွေမှာတော့ Sign Up စာရင်းသွင်းပြီးနောက်မှာ စောင့်ဆိုင်းရမယ့်စာရင်း Waitlist မှာ ဝင်နေခဲ့တယ်လို့ ပြောပါတယ်။ Waitlist မှာ ဝင်သူတွေဟာ စောင့်ရမယ့် Waitlist နံပါတ်တစ်ခုနဲ့အတူ "အသုံးပြုလိုမှု များပြားလွန်းတာကြောင့် သင့်ကို Waitlist မှာ ထည့်ထားပါတယ်" လို့ မက်ဆေ့ဝင်ခဲ့တယ်လို့လည်း CNET သတင်းက ဖော်ပြပါတယ်။ လောလောဆယ် Waitlist မှာတင် လူပေါင်း ၁ သိန်းခွဲကျော် ရှိတယ်လို့ ဆိုပါတယ်။
Truth Social App ကို ကြိုတင် Pre-Order လုပ်ထားသူတွေဟာ သူတို့ရဲ့ iPhones တွေမှာ App ကို အလိုအလျောက် ဒေါင်းလုပ်ဆွဲနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒီလိုမျိုး နည်းပညာပိုင်း အခက်အခဲတွေ ရှိခဲ့ပေမယ့် Truth Social ဟာ တနင်္လာနေ့မနက်ပိုင်းအတွက် App Store ရဲ့ လူသုံးအများဆုံး Top Charts Apps စာရင်းမှာ နံပါတ်တစ် နေရာက ရှိခဲ့တယ်လို့လည်း CNET သတင်းက ဆိုပါတယ်။
တနင်္လာနေ့က အမေရိကန် Apple App Store ရဲ့ Social Networking ကဏ္ဍ ထိပ်တန်း App ၁၀ ခု စာရင်းမှာ Truth Social က ထိပ်ဆုံးက ရှိနေပြီး ဒီ App ရဲ့ နောက်မှာတော့ Talking Ben the Dog, HBO Max, TikTok, YouTube, Instagram, Facebook, Snapchat, Messenger နဲ့ Peacock TV Apps တို့က အစဉ်အတိုင်း ရပ်တည်နေတယ်လို့ ဖော်ပြထားပါတယ်။
Trump Media & Technology Group (TMTG) အဖွဲ့ကနေ ဖန်တီးထားတဲ့ Truth Social App ဟာ လူပေါင်း ၅၀၀ ကို Beta Test အစမ်းသုံးဖို့ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။ ဗားရှင်း 1.0.1 အဖြစ် Update မှာ App မှာ ကြုံတဲ့ အားနည်းချက် Bug တွေကို ပြန်ပြင်ထားတယ်လို့လည်း ဆိုပါတယ်။
Photo: BBC
Twitter ဆန်တဲ့ Truth Social App ဟာ Twitter လိုပဲ Reply ၊ Retweet နဲ့ Like လုပ်ဆောင်ချက်မျိုးတွေ ထည့်ထားပါတယ်။ Twitter မှာ နာမည်ကျော်ခဲ့တဲ့ ထရမ့်ဟာ အကောင့်အပိတ်မခံခင်က Twitter ပလက်ဖောင်းမှာ Follower ၈၈ သန်းကျော် ရှိခဲ့သူလည်း ဖြစ်ပါတယ်။ အမေရိကန်ရွေးကောက်ပွဲအလွန် လူသေဆုံးမှုဖြစ်ခဲ့တဲ့ ၂၀၂၁ ဇန်နဝါရီ ၆ ရက် Capitol Hill အကြမ်းဖက်သောင်းကြမ်းစီးနင်းမှု ဖြစ်စဉ်မှာ အမုန်းစကားပြန့်ပွားစေတဲ့ မှတ်ချက်တွေကြောင့် ထရမ့်ကို လူမှုကွန်ရက်မီဒီယာတွေက ပိတ်ပင်ခဲ့ပါတယ်။
ဒီနောက်မှာ Twitter နဲ့ ဆင်တဲ့ Truth Social အက်ပလီကေးရှင်းကို ထရမ့်နဲ့အဖွဲ့က ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၂ မတ်လထဲမှာ Truth Social ကို အပြည့်အဝလုပ်ငန်းလည်ပတ်နိုင်ဖို့လည်း ရီပတ်ဘလစ်ကန်အမတ်ဟောင်းလည်း ဖြစ် TMTG ရဲ့ CEO လည်း ဖြစ်တဲ့ ဒါဗင် နူးနက်စ်က ခန့်မှန်းထားပါတယ်။
Share