၂၀၂၃ ရောက်မှ ကြေညာနိုင်ဖို့ ရှိတဲ့ Apple ရဲ့ ပထမဆုံး Flagship VR Headset ရဲ့ အချက်အလက်နဲ့ဈေးနှုန်းခန့်မှန်းချက်တချို့ ထွက်လာပါတယ်။
ဒီနှစ်ထဲ မိတ်ဆက်ဖို့ စီစဉ်ထားတဲ့ Apple ရဲ့ Mixed Reality Headset ဟာ အပူလွန်ကဲတဲ့ပြဿနာ ၊ ကင်မရာနဲ့ ဆော့ဖ်ဝဲလ်ဆိုင်ရာ စိန်ခေါ်မှုတွေကြောင့် ၂၀၂၂ မှာ ထွက်လာဖို့ မရှိဘူးဆိုပြီး ဒီရက်ပိုင်းမှာပဲ သတင်းတွေ ထွက်လာနေတာပါ။ နာမည်ကြီး Bloomberg သတင်းထောက် မာ့ခ်ဂါးမန်းရဲ့အဆိုအရ Apple ရဲ့ AR/VR Headset ကို ကနဦးက ဒီနှစ် WWDC ပွဲမှာ ကြေညာပြီး ဆောင်းရာသီမှာ ဈေးကွက်ထဲ ဖြန့်ချိဖို့ ပစ်မှတ်ထားခဲ့ရာကနေ ၂၀၂၃ ခုနှစ်ကို ရွှေ့ဆိုင်းသွားတာလို့ ပြောပါတယ်။
Photo: wccftech
အရင်က အစီရင်ခံစာတွေထဲမှာ Apple AR/VR Headset ဟာ တန်ဖိုးကြီး ထုတ်ကုန်အနေနဲ့ ထွက်လာမယ်လို့ ပြောပါတယ်။ တခြားဈေးကွက်ဆန်းစစ်သူတွေရဲ့ ခန့်မှန်းချက်ထဲမှာ ဒီထုတ်ကုန်ဟာ ဒေါ်လာ ၃၀၀၀ ဝန်းကျင်ပေါက်မယ်လို့ ဆိုပေမယ့် မာ့ခ်ဂါးမန်းရဲ့ နောက်ဆုံးထွက် Power On သတင်းလွှာမှာ Apple ဟာ ကုမ္ပဏီရဲ့ VR Headset ကို ဒေါ်လာ ၂၀၀၀ နဲ့ အထက် ဈေးနဲ့ ရောင်းချသွားမယ်လို့ ဖော်ပြထားပါတယ်။
တကယ်လို့ Apple VR Headset သာ ဒေါ်လာ ၂၀၀၀ ကျော် ဈေးနဲ့ ရောင်းချသွားမယ်ဆိုရင် လက်ရှိမြန်မာငွေအရ အကြမ်းဖျဉ်း ၃၅ သိန်းကျော် ကျသင့်မှာပါ။ ပြီးခဲ့တဲ့နှစ်ထဲက ထွက်ခဲ့တဲ့ Qualcomm XR1 Chipset သုံး HTC ရဲ့ VR Headset သစ် HTC Vive Flow ဟာ ဒေါ်လာ ၅၀၀ ဈေးနဲ့ ရောင်းချခဲ့ပါတယ်။ Apple ရဲ့ AR/VR Headset သစ်ဟာ Apple ရဲ့ M1 Pro chip လိုမျိုး 16-core Graphic အထိ ပါပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ chipset သုံးလာဖို့ ရှိသလို ရုပ်ထွက်အလွန်မြင့်မားတဲ့ 8K Display ၊ အဆင့်မြင့်အသံနည်းပညာတွေ နဲ့ ထွက်လာမယ်လို့ ခန့်မှန်းထားပါတယ်။
Apple AR/VR Headset ရဲ့ နာမည်နဲ့ ပတ်သက်ပြီး ဂါးမန်းက သတင်းလွှာမှာ Apple Vision ၊ Apple Reality ၊ Apple Sigh/iSight စသည်ဖြင့် ဖော်ပြထားပါတယ်။ နာမည်ကျော်တဲ့ ဈေးကွက်လေ့လာသူ မင်ချိကုအိုကတော့ Headset သစ်ဟာ လက်ရှိ ၁၄ လက်မ MacBook Pro လိုမျိုး 96W USB-C Adapter သုံးလာမယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။