• Apple Car တစ်စီး ဒေါ်လာ ၁ သိန်းအောက်ဈေးနဲ့ ထွက်လာမယ်လို့ သတင်းထွက်နေ

အပြည့်အဝမောင်းသူမဲ့နည်းပညာတော့ ပါလာဦးမှာ မဟုတ်ပါဘူး

Apple တံဆိပ်ပါတဲ့ ပထမဆုံး လျှပ်စစ်ကားကို ၂၀၂၆ ခုနှစ်မှာ မိတ်ဆက်ဖို့ ရှိပါတယ်။

Project Titan နာမည်နဲ့ ကိုယ်ပိုင်လျှပ်စစ်ကားထုတ်ဖို့ နှစ်ပေါင်းများစွာ ကြိုးစားနေတဲ့ Apple ဟာ လာမယ့် ၂၀၂၆ ခုနှစ်ထဲမှာ Apple Car ကို ကြေညာဖို့ ရှိပါတယ်။ အစောပိုင်းက Apple Car ကို ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းမှာ ထွက်ဖို့ ပြင်ဆင်ထားတဲ့ Canoo ရဲ့ Lifestyle Vehicle အတိုင်း စတီယာရင်ဘီး နဲ့ ဘရိတ် ဂီယာ Padel မပါတဲ့ အလိုအလျောက်မောင်းနည်းပညာပါ ဇိမ်ခံယာဉ်ဒီဇိုင်းမျိုး ဒီဇိုင်းထုတ်နိုင်အောင် ကြိုးစားခဲ့တာပါ။ ဒါပေမယ့်လည်း နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်တွေကြောင့် ပရောဂျက်ရည်မှန်းချက် လျှော့ချလိုက်ပြီး ပိုပြီး သမရိုးကျဆန်တဲ့ဒီဇိုင်းဘက် လိုက်လာဖို့ ရှိပါတယ်။

image


Photo: autoevolution

Apple Car ကို ယာဉ်မောင်းထိုင်ခုံတစ်ခု ၊ စတီယာရင် ၊ ဘရိတ်ခြေနင်းတို့ပါပြီး အဝေးပြေးလမ်းတွေပေါ်မှာ အလိုအလျောက်မောင်းနှင်နိုင်ရေးနည်းပညာ ထည့်သွင်းလာမယ်လို့ မျှော်လင့်ရပါတယ်။ အပြည့်အဝ မောင်းနှင်သူမဲ့ကားအဖြစ် Apple Car ကို တွေ့ရဖို့တော့ စောသေးတယ်လို့ ဆိုရမှာပါ။ အဝေးပြေးလမ်းတွေပေါ်မှာ self-driving mode သုံးနိုင်မှာ ဖြစ်လို့ ခရီးဝေးထွက်ရင်း ကားပေါ်မှာ ဂိမ်းကစားတာ ၊ ဇာတ်ကားကြည့်တာတွေ လုပ်လို့ ရနိုင်မှာပါ။ 

အစောပိုင်းက Apple Car ကို ဒေါ်လာ ၁၂၀၀၀၀ ကျော် ဈေးနဲ့ ရောင်းချဖို့ စီစဉ်ခဲ့တာ ဖြစ်ပေမယ့် နည်းပညာနဲ့ လုပ်ဆောင်ချက်တွေကို လျှော့ချထားတာကြောင့် ဈေးကိုလည်း ဒေါ်လာ ၁ သိန်းနဲ့ အောက်နှုန်းနဲ့ ရောင်းချသွားဖို့ ရှိပါတယ်။ လောလောဆယ်တော့ Apple ဟာ ကုမ္ပဏီရဲ့ ပထမဆုံးလျှပ်စစ်ကားဒီဇိုင်းကို လက်စသတ်နိုင်ခြင်း မရှိသေးပါဘူး။ လာမယ့် ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းမှာ Apple Car ဒီဇိုင်း အပြီးသတ်နိုင်ဖို့ ရှိပါတယ်။ 

၂၀၂၄ ခုနှစ်မှာ ဒီကားမှာ ပါဝင်လာမယ့် နည်းပညာတွေအကြောင်း အတော်လေးစုံစုံလင်လင် ကြားသိရဖို့ ရှိပြီး ၂၀၂၅ ခုနှစ်မှာ ယာဉ်ပိုင်း စမ်းသပ်မှုတွေ လုပ်ဆောင်လာနိုင်ပါတယ်။ ၂၀၂၆ ခုနှစ်ကစပြီး Apple Car ကို ဈေးကွက်ထဲ ဖြန့်ချိလာနိုင်ပါတယ်။ ဒေါ်လာ ၁ သိန်းဝန်းကျင်တန် Apple Car ဟာ လျှပ်စစ်ကားလောကရဲ့ ထိပ်သီး Tesla ရဲ့ တန်ဖိုးမြင့် Model S ယာဉ်တွေနဲ့ ဈေးကွက်မှာ ယှဉ်ပြိုင်လာမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က