လပွတ္တာမြို့နယ်မှာ ငါးပူတင်းကို ဟင်းချက်စားမိတဲ့အတွက် ကလေးငယ် ၂ ယောက်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ မတ်လ ၁၁ရက် နေ့လယ်ကဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
Photo - Kyaw Soe Moe
လပွတ္တာမြို့နယ်ထဲက ဘုန်းကြီးကုန်းကျေးရွာမှာနေထိုင်ကြတဲ့ မိသားစုဝင် ၆ယောက်ဟာ ငါးပူတင်းကို ချက်ပြုတ်စားသောက်ရာကနေ မူးဝေအော့အန်ပြီး ၅ နှစ်သားလေးတစ်ယောက်နဲ့ ၁၂ နှစ်သား ကလေးတစ်ယောက် သေဆုံးသွားခဲ့ပါတယ်။
အဲ့ဒီမိသားစုဟာ ငါးရှာတဲ့ အသက်မွေးဝမ်းကြောင်းအလုပ်ကို လုပ်ကိုင်ကြတာဖြစ်ပြီး မတ်လ ၁၁ ရက်နေ့ မနက် ၉ နာရီလောက်မှာ ချက်ပြုတ်ခဲ့ပြီး နေ့လည်ခင်းစားချိန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ကျန်တဲ့ အမေနဲ့ အဖေ အပါအဝင် မိသားစုဝင် ၄ ယောက်ကိုလည်း ၃ မိုင် ဆေးရုံမှာတင်ပို့ကုသပေးနေရတယ်လို့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက Duwun ကို မတ်လ ၁၂ ရက်နေ့ကပြောပါတယ်။
ငါးပူတင်းကို ချက်ပြုတ်စားသောက်တဲ့ အတွက် ၂၀၁၅ ခုနှစ်က ရေဖြူမြို့မှာ လူ ၂ ယောက် သေဆုံးခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်ကလည်း လောင်းလုံမြို့နယ်၊ သင်္ဘောဆိပ်ရွာမှာ ငါးပူတင်းစားမိလို့ သေဆုံးမှုဖြစ်ခဲ့ပါတယ်။ ထို့အတူ ၂၀၁၇ ခုနှစ်ကလည်း ဂွမြို့နယ် မကျီးငူကျေးရွာအုပ်စု၊ ရွှေရချိုင်ကျေးရွာမှာ ငါးပူတင်းစားလို့ လူ ၃ ယောက် သေဆုံးခဲ့ဖူးပါတယ်။