ရောဂါဝေဒနာခံစားနေရတဲ့လူနာတွေဟာ အကြောင်းအမျိုးမျိုးကြောင့် အစားစားချင်စိတ်ပျောက်ဆုံးနေတတ်ပါတယ်။
Photo: Verywell Health
ရောဂါအခံတစ်ခုခုကြောင့် နာမကျန်းတာပဲဖြစ်ဖြစ်၊ ကိုဗစ်ကြောင့်ပဲဖြစ်ဖြစ်၊ ရိုးရိုးတုပ်ကွေးဖျားနာလို့ပဲဖြစ်ဖြစ် လူနာတွေရဲ့ အစားစားချင်စိတ်ကို ဘတ်တီးရီးယားပိုးမွှားတွေက ဖျက်ဆီးပစ်တတ်ကြပါတယ်။ လူနာရှင်တွေအနေနဲ့ လူနာတွေ အစားဝင်အောင်၊ အာဟာရရှိအောင် အဓိကလုပ်မှသာ လူနာရဲ့ နောက်ဆက်တွဲ ရောဂါဝေဒနာကို ဆက်လက်ကုသနိုင်မှာဖြစ်ပါတယ်။ ဒါဆို လူနာတွေ အစားဝင်အောင် ဘာတွေလုပ်သင့်သလဲဆိုတာတွေကို Duwun LifeStyle Food ကဏ္ဍမှ အာဟာရအထူးကုဆရာဝန် ဒေါက်တာညီညီကျော်က ဝေမျှဆွေးနွေးမှာဖြစ်ပါတယ်။ လူနာတွေ အစားမစားရင် အစာစားချင်တဲ့စိတ်ဖြစ်လာအောင် သောက်တဲ့ဆေးတွေရှိပေမယ့် ဒါတွေက အလုံးစုံ အလုပ်မဖြစ်နိုင်ဘူးလို့ အာဟာရအထူးကုဆရာဝန် ဒေါက်တာညီညီကျော်က ဆိုပါတယ်။ တစ်ချို့ လူနာတွေက ဒီဆေးသောက်လိုက်ရင် အစာစားချင်စိတ်ဖြစ်တယ်ဆိုပေမယ့် တစ်ချို့လူနာတွေအတွက် ထူးထူးခြားခြားပြောင်းလဲတာမျိုးမရှိဘူးလို့ ဒေါက်တာညီညီကျော်က ပြောပါတယ်။
Photo: Shutter Stock
လူနာအာဟာရဝင်နိုင်မယ့် နည်းလမ်းများ
နှာခေါင်းပိုက်ကတစ်ဆင့် အစားသွင်းပါ
လူနာက အစားလုံးဝမစားနိုင်တဲ့သူဖြစ်နေပြီး အစာအိမ်နဲ့ပတ်သက်တဲ့ ရောဂါပြဿနာတစ်စုံတစ်ရာမရှိဘူးဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး နှာခေါင်းပိုက်ထည့်တဲ့နည်းလမ်းကို အသုံးပြုနိုင်တယ်လို့ အာဟာရအထူးကုဆရာဝန်ဒေါက်တာညီညီကျော်က အကြံပြုပြောဆိုပါတယ်။
ဥပမာ- ပါးစပ်မလှုပ်နိုင်တဲ့သူတွေ၊ အစားမမျိုချနိုင်တဲ့သူတွေ ၊ လေဖြတ်နေတဲ့သူတွေအနေနဲ့ အစာအိမ်ရောဂါလည်းမရှိဘူးဆိုရင် နှာခေါင်းပိုက်ကတစ်ဆင့် ဖြည့်စွက်အားဆေးမှုန့်တွေ ဖျော်ပြီး ထည့်ခြင်းအားဖြင့် အစာအိမ်ကို တိုက်ရိုက်ရောက်စေပြီး လူနာမှာ အာဟာရဓာတ်ရရှိနိုင်မှာဖြစ်ပါတယ်။
Photo: Healthline
ဖြည့်စွက်အားဆေးမှုန့်တွေတိုက်ပါ
တစ်ကယ်လို့ လူနာက အဖတ်သိပ်မစားနိုင်ဘူးး။ အရည်လောက်ပဲသောက်နိုင်သေးတယ်ဆိုရင် နှာခေါင်းပိုက်မထည့်လဲရနိုင်ပါတယ်။ အရည်လောက်သောက်နိုင်တာဖြစ်တဲ့အတွက် ဖြည့်စွက်အာဟာရအားဆေးမှုန့်တွေကို တိုက်နိုင်တယ်လို့ ဒေါက်တာညီညီကျော်က ဆိုပါတယ်။
ရောဂါအလိုက်ထုတ်ထားတဲ့ အာဟာရမှုန့်တွေကို နည်းစနစ်ကျစွာ အညွှန်းအတိုင်းဖျော်စပ်ပြီး တိုက်ပေးပါ။ ဥပမာ- ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ ကျောက်ကပ်ရောဂါ စသဖြင့် ရောဂါအလိုက်ထုတ်ထားတဲ့ အားဆေးမှုန့်တွေ၊ အသက် (၆၀)ကျော်တဲ့သူတွေအတွက် ထုတ်ထားတဲ့ အားဆေးမှုန့်တွေ မှာပါဝင်တဲ့ ဖျော်စပ်နည်းအတိုင်းဖျော်စပ်ပြီး လူနာကို အရည်ဝင်အောင်တိုက်နိုင်ပါတယ်။
ဒီလို အားဆေးမှုန့်ကို အရည်ဖျော်တိုက်တဲ့အခါ လူနာက တစ်နေ့လုံးနေ့မှ တစ်ခွက်၊ နှစ်ခွက်သောက်ရုံနဲ့ ဘယ်လိုမှ အာဟာရဓာတ် ပြည့်ပြည့်စုံစုံမရနိုင်ပါဘူး။ အရည်ပဲ သောက်နိုင်တယ်ဆိုပေမယ့်လည်း လူနာကို တစ်နေ့ကို (၅)ကြိမ်၊ (၆) ကြိမ်လောက်တိုက်ပေးရမှာဖြစ်ပါတယ်။ ဒါမှသာ လူနာက ပြန်ပြီး ထူထူထောင်ထောင်ဖြစ်လာနိုင်မှာပါ။
Photo: Huffpost
အကြောကတစ်ဆင့် အာဟာရဓာတ်သွင်းပါ
လူနာက အစားလည်းမစားနိုင်သလို အစာအိမ်ရောဂါလည်းရှိနေမယ်။ လူနာကိုယ်တိုင်ကလည်း နှာခေါင်းပိုက်ထည့်တာကို ငြင်းဆန်နေမယ်ဆိုရင်တော့ နောက်တစ်နည်းရှိပါသေးတယ်။ အဲဒါက ဘာလဲဆိုတော့ လိုင်းထည့်ပြီး ခန္ဓာကိုယ်ထဲ အာဟာရဓာတ်တွေထည့်လို့ရပါတယ်။ တစ်နည်းအားဖြင့် အကြောထဲက တစ်ဆင့် အာဟာရဓာတ် ဖြည့်ပေးတာဖြစ်တယ်လို့ အာဟာရအထူးကုဆရာဝန်ဒေါက်တာ ညီညီကျော်က ရှင်းပြပါတယ်။
“ လူနာကို အာဟာရမရှိလို့၊ အစားမစားလို့ဆိုပြီးတော့ အားဆေးတွေ နင်းကန်တိုက်နေရုံနဲ့ လူနာက ဝုန်းကနဲ ထူထူထောင်ထောင်မဖြစ်လာပါဘူးး။ အဓိကအနေနဲ့ လူနာက စားမဝင်ဘူးဆိုရင် ဘယ်လိုနည်းနဲ့ အစာဝင်အောင် လုပ်ရမလဲဆိုတာကိုပဲ စဉ်းစားရမှာဖြစ်ပါတယ်။ ဆေးတွေတိုက်နေတာက အဖြေမဟုတ်ပါဘူးး။ ဆေးတွေသောက်ရုံနဲ့ အာဟာရနဲ့ပတ်သက်ပြီး ပြန်ကောင်းလာနိုင်စရာမရှိပါဘူး။ ဒါကြောင့်မို့ လူနာက ပါးစပ်ကနေ တစ်ခုခုစားရမယ်။ တစ်ကယ်လို့ ပါးစပ်က မစားနိုင်ဘူးဆိုရင် ပိုက်နဲ့ထည့်မယ်။ ပိုက်နဲ့ထည့်လို့မရရင် အကြောဆေးသွင်းမယ်။ အကြောနဲ့ အာဟာရဓာတ်တွေကိုထည့်လို့ရပါတယ်။ ဒီလိုနည်းလမ်းတွေနဲ့ အစားမစားနိုင်တဲ့လူနာကို အာဟာရရှိအောင် လုပ်လို့ရပါတယ်” လို့ ဒေါက်တာညီညီကျော်က ဆိုပါတယ်။
သတင်းဆောင်းပါးပါ အချက်အလက်များကို Dr.Nurtrition Page မှ အာဟာရအထူးကုဆရာဝန်ဒေါက်တာညီညီကျော်က ဆွေးနွေးအကြံပြုထားခြင်းဖြစ်ပါသည်။
Share