ရန်ကုန်ဆေးရုံကြီးကို လာရောက်ကုသတဲ့ ကင်ဆာလူနာတွေမှာ အူမကြီးကင်ဆာကြောင့် အများဆုံးဖြစ်နေပြီး အဆိုပါ ကင်ဆာရောဂါဟာ အသင့်စား စားသောက်ကုန်နဲ့ အကင်တွေကြောင့် အများဆုံးဖြစ်ပွားနေတယ်လို့ သိရပါတယ်။
လူနေမှုပုံစံ ပြောင်းလဲလာရာမှာ လူတွေက အိမ်မှာ ထမင်းဟင်းချက်စားတာထက် အပြင်စာ စားသုံးမှုတွေ ပိုမိုများပြားလာပြီး အကင်၊ တုတ်ထိုး၊ တာရှည်ခံဆိုးဆေးတွေပါဝင်တဲ့ အစားအစာ စတဲ့ အသင့်စား အစားအသောက်တွေကြောင့်လို့ ကင်ဆာရောဂါ ဆေးပညာဌာနမှ ပါမောက္ခ ဒေါက်တာ ခင်သင်းမူက ပြောပါတယ်။
“အဓိက များလာရတဲ့အကြောင်းရင်းက လူနေမှုဘဝပုံစံ ပြောင်းလာတယ်။ လူတွေက အလုပ်တွေပိုများလာတယ်။ Stresss တွေက ပိုများလာတယ်။ အိမ်မှာ ချက်ပြုတ်စားသောက်တဲ့နှုန်းက နည်းလာတယ်။ အကင်တွေ၊ တုတ်ထိုးတွေ၊ အသားအတုတွေ၊ ပြန်ကြော်စာတွေ၊ ဟော့ပေါ့တွေ အဲလို အပြင်စာတွေစားတာကြောင့် ဖြစ်နှုန်းက ပိုများလာတာပေါ့” လို့ ဒေါက်တာ ခင်သင်းမူက ဆိုပါတယ်။
ရောဂါဖြစ်ပွားမှုနှုန်း နည်းပါးအောင် အိမ်မှာချက်ပြုတ်စားသောက်တဲ့စနစ်ကို လုပ်သင့်ပြီး အသင့်စား အစားအစာတွေအစား အသီးအရွက်တွေများများစားသုံးပေးသင့်တယ်လို့ ဒေါက်တာာ ခင်သင်းမူက အကြံပြု ပြောခဲ့ပါတယ်။ ဒါ့အပြင် တစ်နေ့ကို မိနစ်၃၀ ခန့် ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ပေးပြီး ရောဂါဖြစ်ပွားမှုကို ကာကွယ်နိုင်တယ်လို့ သိရပါတယ်။ အူမကြီးကင်ဆာရောဂါဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့အတွက် သုတေသန စစ်တမ်းတစ်ရပ်ပြုလုပ်သွားဖို့လည်း အစီအစဉ်ရှိတယ်လို့ ဆိုပါတယ်။
ရန်ကုန်ဆေးရုံကြီး ကင်ဆာရောဂါဆေးပညာဌာနမှာ ပြင်ပလူနာမှာ တစ်နေ့ကို ၂၅၀ ခန့်ရှိပြီး ဆေးရုံမှာ တက်ရာက်ကုသနေတဲ့ လူနာ ၁၀၀ နီးပါးခန့်ရှိတယ်လို့ သိရပါတယ်။ အမျိုးသားတွေမှာ အဆုတ်ကင်ဆာ၊ အသည်းကင်ဆာ၊ ခံတွင်းကင်ဆာ၊ အူမကြီးကင်ဆာနဲ့ အမျိုးသမီးတွေမှာ ရင်သားကင်ဆာနဲ့ သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားမှုတွေ အများဆုံးဖြစ်နေတယ်လို့ ဆိုပါတယ်။