လူနာနံပါတ် ၁၆၂ ရဲ့ မိခင်လို့ သိရပါတယ်။

အင်းစိန် ခဝဲခြံ ၂ လမ်းက လူနာအမှတ် ၁၅၁ မှာ ရောဂါပိုးစတင်တွေ့ရှိပြီးတဲ့နောက် သူနဲ့အတူ အဆောင်နေထိုင်သူများ၊ ယင်းအမျိုးသမီးများနဲ့ ထိတွေ့မိသူများကို အဆင့်ဆင့်ကူးစက်ရာမှာ အခုဆိုရင် ၁၉ ဦးမြောက်ဖြစ်လာခဲ့ပါပြီ။

အင်းစိန်မြို့နယ်က အသက် ၈၄ နှစ်အရွယ်အမျိုးသမီးတစ်ဦးမှာ COVID 19 ရောဂါပိုးတွေ့ရှိကြောင်း ယနေ့ (မေလ ၈ ရက်) ည ၁၀ နာရီမှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါ အမျိုးသမီးမှာ လူနာံပါတ် ၁၅၁၊ ၁၅၂၊ ၁၅၃၊ ၁၅၃၊ ၁၆၂ တို့နဲ့ ထိတွေ့မှုရှိထားတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အဆိုပါအမျိုးသမီးမှာ လူနာနံပါတ် ၁၆၂ ရဲ့မိခင်ဖြစ်ကြောင်းနဲ့ ပထမအကြိမ်စစ်ဆေးချိန်မှာ Negative ဖြစ်ခဲ့ပြီး ဆက်လက်စောင့်ကြည့်ခဲ့ရာ ဝမ်းလျှောလာသဖြင့် ထပ်မံစစ်ဆေးခဲ့ရာမှ Positive ဖြစ်နေခဲ့ကြောင်း သိရတယ်လို့ အင်းစိန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က သူ့ရဲ့ Facebook စာမျက်နှာမှာ ရေးသားထားပါတယ်။

ဦးဝေဖြိုးဟန်ကို Duwun က ဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ "ဟုတ်ပါတယ် ၁၆၂ ရဲ့မိခင်ပါ။ ကျွန်တော်ပို့စ်တင်ထားပါတယ်" လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

မေလ ၁ ရက်နေ့ နံနက် ၇ နာရီက လူနာနံပါတ် ၁၅၁ မှာ COVID-19 ရောဂါပိုးရှိကြောင်း ကြေညာပြီးတဲ့နောက် အဆောင်အတူနေထိုင်သူ ၆ ဦးကို Quarantine ထား စစ်ဆေးခဲ့ရာ ၄ ဦး (လူနာနံပါတ် ၁၅၂ ၊ ၁၅၃ ၊ ၁၅၄ နဲ့ ၁၅၇) မှာ ရောဂါပိုးတွေ့ရှိခဲ့ပါတယ်။

လူနာနံပါတ် ၁၅၁ က ပုဂ္ဂလိကကျောင်းဆရာမလို့ သိရပြီး ကျန် ၄ ဦးမှာ အင်းစိန်ရှိ ကွယ်ကဘောဆေးရုံက သူနာပြုများဖြစ်ပါတယ်။ ဒါ့အပြင် ယင်းအဆောင်ကို ဝင်ထွက်သွားလာနေတဲ့ အမျိုးသမီးတစ်ဦး (လူနာနံပါတ် ၁၆၂) မှာလည်း ရောဂါပိုးတွေ့ရှိခဲ့ကြောင်း ယနေ့ (မေလ ၇ ရက်) မနက် ၇ နာရီမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မေလ ၇ ရက်နေ့ ည ၈ နာရီမှာလည်း လူနာနံပါတ် ၁၅၂ ၊ ၁၅၃ ၊ ၁၅၄ တို့နဲ့ ထိတွေ့သူ ၁၄ ဦးကို စစ်ဆေးခဲ့ရာမှာ ၁၂ ဦး (လူနာနံပါတ် ၁၆၅ မှ ၁၇၆ ထိ) မှာ ရောဂါပိုးတွေ့ရှိခဲ့ပါတယ်။

အဆိုပါ ၁၂ ဦးမှာ လူနာနံပါတ် ၁၆၄ က အသက် ၅၂ နှစ်အရွယ် အမျိုးသားဖြစ်ပြီး ကျန် ၁၁ ဦးမှာတော့ အသက် ၁၂ နှစ်မှ ၂၉ နှစ်ကြား လူငယ်များ ဖြစ်ပါတယ်။ 

လူနာနံပါတ် ၁၅၁ က အစပြုခဲ့တဲ့ ရောဂါပိုးတွေ့ရှိမှု ကွင်းဆက်က အခုဆိုရင် သူအပါအဝင် ၁၉ ဦး ရှိနေပါပြီ။

Share

Loading Next Article...
က္က