မလေးရှားမှာ ဆယ်ကျော်သက် မိန်းကလေးတစ်ဦးက သူမရဲ့ အင်စတာဂရမ် follower တွေကို vote လုပ်ခိုင်းပြီးနောက် အဆောက်အအုံ အမိုးပေါ်ကနေ ခုန်ချသတ်သေသွားကြောင်း သတင်းတွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရန် လွှတ်တော်အမတ်တွေက အာဏာပိုင်တွေကို ယနေ့ (မေ ၁၅ ရက်) တောင်းဆိုလိုက်ပါတယ်။
(Kuching မြို့မြင်ကွင်းတစ်ခု) (Photo: Shutterstock/Farris Noorzali)
မလေရှားအရှေ့ပိုင်း Sarawak ပြည်နယ်မှ အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦးဟာ မေ ၁၃ ရက်နေ့က Kuching မြို့ရှိ အထပ်သုံးထပ်ပါ ဈေးဆိုင်အဆောက်အအုံရဲ့ အမိုးပေါ်ကနေ ခုန်ချသတ်သေသွားခြင်းမပြုမီ နာရီပိုင်းအလိုမှာ 'တစ်ကယ်အရေးကြီးပါတယ်၊ D လား L လား ကျွန်မကို ကူညီရွေးပေးကြပါ' လို့ ရေးသားထားတဲ့ အင်စတာဂရမ် poll တစ်ခုပြုလုပ်ပြီး follower တွေကို vote လုပ်စေခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
(Photo: Yui Mok/PA)
အဆိုပါ အင်စတာဂရမ် poll ရလဒ်မှာ သူမရဲ့ follower ၆၉ ရာခိုင်နှုန်းက 'D' ကို vote ပေးရွေးချယ်ထားခဲ့ကြတယ်လို့လည်း ရဲတပ်ဖွဲ့အကြီးအကဲက ပြောပါတယ်။ ဆယ်ကျော်သက် မိန်းကလေးရဲ့ poll မှာ သေဆုံးရန်ဖြစ်တဲ့ 'D' ကို vote လုပ်ခဲ့ကြသူတွေဟာ သေကြောင်းကြံစည်မှုကို အားပေးကူညီမှုဖြင့် အပြစ်ရှိနိုင်ကြောင်း ရှေ့နေတစ်ဦးနဲ့ လွှတ်တော်အမတ်ဖြစ်သူ Ramkarpal Singh က ဆိုပါတယ်။
ဆယ်ကျော်သက်မိန်းကလေး သေဆုံးမှုဖြစ်စေတဲ့ အကြောင်းအရင်းတွေကို စုံစမ်းစစ်ဆေးရန် Ramkarpal Singh က အာဏာပိုင်တွေကို တိုက်တွန်းလိုက်ပါတယ်။
'တစ်ကယ်လို့သာ သူမရဲ့ အင်စတာဂရမ် follower အများစုက သတ်သေဖို့ကို အားမပေးခဲ့ဘူး၊ တားမြစ်ခဲ့မယ်ဆိုရင် ဒီနေ့ အဲဒီ မိန်းကလေး အသက်ရှင်လျက်ရှိနေအုံးမလား?၊ သူမက တတ်ကျွမ်းတဲ့ပညာရှင် အကူအညီလိုနေချိန်မှာ အင်တာနက်သုံးသူတွေရဲ့ အကြံဉာဏ်ကိုယူဖို့ သတိရသွားခဲ့သလား?' လို့ လွှတ်တော်အမတ်က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
(Photo: AP)
မလေးရှားနိုင်ငံရဲ့ ဥပဒေအရ အသက်မပြည့်သေးသူတစ်ဦး ကိုယ့်ကိုယ်ကိုယ် သတ်သေရာမှာ အားပေးကူညီပါက သေဒဏ် သို့မဟုတ် ထောင်ဒဏ် နှစ် ၂၀ အထိ ကျခံရနိုင်ကြောင်းသိရပါတယ်။ ယခုဖြစ်ရပ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရန်၊ လူငယ်တွေကြား သေကြောင်းကြံစည်မှု မြင့်တက်လာခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို အလေးအနက် ကိုင်တွယ်ဆောင်ရွက်ရန် လိုအပ်ကြောင်း မလေးရှား လူငယ်နဲ့အားကစားဝန်ကြီး Syed Saddiq Syed Abdul Rahman က ပြောခဲ့ပါတယ်။
"ငယ်ရွယ်သူတစ်ယောက် အခုလိုပုံစံနဲ့ အသက်ဆုံးရှုံးခဲ့ရတာ သိပ်ကို ကံဆိုးလွန်းပါတယ်" လို့ ၎င်းကဆိုပါတယ်။
အင်စတာဂရမ်ရဲ့ အာရှပစိဖိတ်ဒေသဆိုင်ရာ (Instagram APAC) ဆက်သွယ်ရေးဌာန အကြီးအကဲ Ching Yee Wong က အမျိုးသမီးငယ်ရဲ့ မိသားစုတွေနဲ့ထပ်တူ ဝမ်းနည်းကြေကွဲကြောင်း ထုတ်ပြန်ချက်မှာ ပြောပါတယ်။
'အင်စတာဂရမ် အသုံးပြုသူတွေ ဘေကင်းလုံခြုံမှုရှိဖို့နဲ့ အကူအညီဖြစ်စေဖို့ ကျွန်မတို့မှာ အပြည့်အဝ တာဝန်ရှိပါတယ်၊ ကျွန်မတို့ရဲ့ အားထုတ်မှု အစိတ်အပိုင်းအဖြစ် တစ်ကယ်လို့ လူတွေရဲ့ ဘေးကင်းလုံခြုံမှုကို အန္တရာယ်ရှိစေတဲ့ အပြုအမူတစ်ခုခု တွေ့ရှိခဲ့ပါက ကျွန်မတို့ရဲ့ သတင်းပေးပို့မှုလုပ်ဆောင်ချက်တွေကိုသုံးကြဖို့နဲ့ အရေးပေါ်ဌာနတွေကို ဆက်သွယ်ကြဖို့ အားလုံးကိုတိုက်တွန်းပါတယ်' လို့လည်း ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
(Photo: Engadget)
အင်စတာဂရမ်က ကိုယ့်ကိုယ်ကိုယ် နာကျင်စေမှုနဲ့ ဆက်နွယ်နေတဲ့ ပုံတွေနဲ့အကြောင်းအရာတွေ လွှင့်တင်မှုကို ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလအတွင်း ပိတ်ပင်တားမြစ်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့တဲ့ ဗြိတိန်ဆယ်ကျော်သက် မော်လီရပ်ဆဲလ် (Molly Russell) ဟာ ကိုယ့်ကိုယ်ကိုယ် နာကျင်စေမှုနဲ့ဆက်နွယ်နေတဲ့ အင်စတာဂရမ်အကောင့်တွေကို ကြည့်ရှုနေခဲ့ပြီးနောက် စိတ်ကျဝေဒနာခံစားရကာ ထိုသို့သတ်သေသွားခြင်းဖြစ်တယ်လို့ သူမရဲ့မိဘတွေက ယုံကြည်ခဲ့ကြပါတယ်။ မော်လီရဲ့မိဘတွေက သမီးဖြစ်သူ ဖြစ်ရပ်နဲ့ပတ်သက်ပြီး အင်စတာဂရမ်ကို ဖိအားပေးမှုတွေရှိလာခဲ့ပြီးနောက် ကိုယ့်ကိုယ်ကိုယ် နာကျင်စေမှုနဲ့ဆက်နွယ်တဲ့ ပုံနဲ့အကြောင်းအရာတွေကို ပိတ်ပင်ခဲ့တာလည်း ဖြစ်ပါတယ်။
(၂၀၁၇ ခုနှစ်မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့သည့် မော်လီရပ်ဆဲလ်) (Photo: PA)
ဓာတ်ပုံနဲ့ဗီဒီယိုတွေ မျှဝေနိုင်တဲ့ မိုဘိုင်းအက်ပလီကေးရှင်း အင်စတာဂရမ် (Instagram) ကို ၂၀၁၀ ခုနှစ် အောက်တိုဘာမှာ စတင်ခဲ့ပြီး ၂၀၁၂ ခုနှစ် ဧပြီလမှာတော့ Facebook က ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံဖြင့် ဝယ်ယူခဲ့ပြီး ယခုနှစ် မေလအထိ အချက်အလက်တွေအရ ကမ္ဘာတစ်ဝှမ်း အင်စတာဂရမ် အသုံးပြုသူ ၁ ဘီလီယံရှိကြောင်း သိရပါတယ်။
Source: Reuters, MalayMail, AFP
Share