ခုနောက်ပိုင်း ကလေးမိဘတွေစိုးရိမ်ကြရတဲ့ ရောဂါတွေထဲမှာ ကလေးအဆုတ်ရောင်ရောဂါက ထိပ်ဆုံးကနေပါဝင်နေပါတယ်။ ဒီအဆုတ်ရောင်ဖျားနာ နမိုးနီးယားရောဂါဆိုရင် တကမ္ဘာလုံးမှာ ရှိတဲ့ အသက် ၅ နှစ်အောက်ကလေးတွေ သေဆုံးရခြင်းရဲ့ အကြောင်းရင်းထဲမှာ တစ်ခုသော ကူးစက်မြန်တဲ့ ရောဂါဖြစ်ပါတယ်။ ဒီရောဂါက ကလေးတွေသာမက အတူနေ မိသားစုပတ်ဝန်းကျင်က လူကြီးတွေကိုပါ ကူးစက်နိုင်ချေမြင့်မားပါတယ်။

အဆုတ်ရောင်ရောဂါက ဘယ်လိုကူးစက်တာလဲ
နမိုးနီးယား အဆုတ်ရောင်ရောဂါကို ဖြစ်စေတဲ့ ဒီ ဗိုင်းရပ်စ်ပိုး ၊ ဘက်တီးရီးယားပိုး ၊ မှိုပိုး စတဲ့ ရောဂါပိုးအမျိုးမျိုးဟာ လေထုထဲကနေတစ်ဆင့် ကလေးရဲ့ အသက်ရှူလမ်းကြောင်းဖြစ်တဲ့ နှာခေါင်း တို့၊ ပါးစပ်တို့ ၊ လည်ချောင်းတို့ကနေ တစ်ဆင့် အဆုတ်ထဲကို ကူးစက် ဝင်ရောက်လာတာမျိုးဖြစ်ပါတယ်။
အဆုတ်ရောင်ရောဂါရဲ့ စိုးရိမ်ဖွယ်အဆင့်
ဒီလိုမျိုး ကူးစက် ခံရတဲ့အခါ ကလေးအဆုတ်ရဲ့ လေအိတ်လေပြွန်လေးတွေဟာဆိုရင် အောက်စီဂျင်ကို ကောင်းမွန်စွာ သယ်ယူပို့ဆောင်တာမျိုးမလုပ်နိုင်တော့ဘဲ အသက်ရှူကြပ်တာ ၊ အသက်ရှူခက်ခဲတာတွေ ဖြစ်လာပါတယ်။ အရမ်းဆိုးရွားပါက အသက်အန္တရာယ် ထိခိုက်နိုင်တဲ့အထိ စိုးရိမ်ရတဲ့ အခြေအနေအထိ ဖြစ်လာနိုင်ပါတယ်။
အဆုတ်ရောင်ရောဂါရဲ့ လက္ခဏာတွေ
အဆုတ်ရောင်ရောဂါရဲ့ လက္ခဏာတွေကတော့ ခုလိုပြသတတ်ပါတယ်။
- ချောင်းဆိုးခြင်း
- အဖျားကြီးခြင်း (၃၈.၅ ဒီဂရီဆဲဆီးယပ်စ်ကျော် ဒါမှမဟုတ် ၁၀၁ ဒဿမဒီဂရီ ဖာရင်ဟိုက် ကျော်)
- အသက်ရှူရအရမ်း မြန်ခြင်း
ကလေးအသက်ရှုတာကို ဘယ်လိုတိုင်းတာမလဲ
အသက်ရှူမြန်တာကို ဘယ်လိုတိုင်းမလဲဆိုရင် နှစ်လအောက်အရွယ်ကလေးမှာဆိုရင် တစ်မိနစ်ကို အကြိမ် ၆၀ နဲ့အထက် မြန်နေတာ။ နှစ်လကနေ တစ်နှစ်အောက် ကလေးမှာဆိုရင် တစ်မိနစ်ကို အကြိမ် ၅၀ နဲ့ အထက် မြန်နေတာ။ တစ်နှစ်ကနေ ၅ နှစ်အရွယ် ကလေးတွေမှာဆိုရင် တစ်မိနစ်ကို အကြိမ် ၄၀ ကျော်အထိ ဖြစ်မယ်ဆိုရင်တော့ ဒါကို အသက်ရှူမြန်တယ်လို့ သတ်မှတ်ပါတယ်။ တချို့ပြောတတ်တဲ့ ကလေးတွေမှာဆိုရင်တော့ အသက်ရှူတဲ့အခါ ရင်ဘတ်က တင်းကြပ်ကြပ်ကြီးဖြစ်တော့ ရင်ဘတ်နာတယ်တို့၊ ဝမ်းဗိုက်နာတယ်တို့ ဆိုပြီးတော့လည်း ပြောတတ်ကြပါတယ်၊ တစ်ခါတလေမှာ တရွှီရွှီနဲ့ လေပြွန်ကျဉ်းပြီး ပိတ်တဲ့အခါ တရွှီရွှီနဲ့ ရင်ကြပ်တဲ့ အသံလေးတွေကိုလည်း ကြားရတတ်ပါတယ်။
ကြိုတင်ကာကွယ်ထားလို့ ရနိုင်သလား
ဒီအဆုတ်ရောင်နမိုးနီးယားရောဂါကို ဖြစ်စေတဲ့ ရောဂါပိုးတွေ ဗိုင်းရပ်စ်ပိုးတွေကို ကာကွယ်နိုင်တဲ့ ပြင်းထန်အဆုတ်ရောင် ရောဂါ ကာကွယ်ဆေး ၊ တီဘီကာကွယ်ဆေး ၊ကြက်ညှာချောင်းဆိုး ကာကွယ်ဆေး ၊ ဝက်သက်ကာကွယ်ဆေးနဲ့ ရာသီတုပ်ကွေး ကာကွယ်ဆေး ဒီကာကွယ်ဆေးတွေကတော့ အဆုတ်ရောင်ရောဂါမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။
ဒီအဆုတ်ရောင်ဖျားနာရောဂါလက္ခဏာတွေကို ကိုယ့်ကလေးမှာ တွေ့နေရပြီဆိုရင် အမြန်ဆုံး နီးစပ်ရာ ဆေးရုံ ဆေးခန်းတွေကို သွားရောက်ကုသမှုခံယူတာက ရောဂါပြင်းထန်အဆင့် ဖြစ်မလာအောင် တားဆီးပေးနိုင်ပါတယ်။
ဖော်ပြပါသတင်းဆောင်းပါးပါ အချက်အလက်များသည် Duwun Health Talk အစီအစဉ်မှ အထွေထွေရောဂါကုဆရာဝန် ဒေါက်တာမွန်မြတ်ထွန်း ရဲ့ အကြံပြုချက်များကို ကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။