နယူးကာဆယ်ရဲ့ ကွင်းလယ်လူသစ် တိုနာလီဟာ အသင်းနဲ့ စာချုပ်မှာ လက်မှတ်ရေးထိုးအပြီး (၂၄) နာရီအတွင်းမှာတင် အားလပ်ရက် ခရီးပြန်ထွက်သွားခဲ့တာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုနဲ့ ရင်ဆိုင်နေရပါတယ်။ အဆိုပါ ကွင်းလယ်လူကို နယူးကာဆယ်တို့ အေစီမီလန်ကနေ ခေါ်ယူခဲ့တာပါ။

တိုနာလီဟာ ဘရက်ရှားကစားသမားဟောင်းတစ်ယောက်ဖြစ်ပြီး အေစီမီလန်ကို ငယ်စဥ်ကတည်းက အားပေးခဲ့ပါတယ်။ အဲ့ဒါကြောင့် အေစီမီလန်ကို ရောက်ရှိချိန်မှာ အဆိုပါအသင်းအတွက်ပဲ ကစားသမားဘဝကို အဆုံးသတ်လိုပြီး အေစီမီလန်က သူ့ကို ရောင်းချပြီလို့ အသိပေးလိုက်ချိန်မှာ ငိုကြွေးခဲ့သေးကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့် နယူးကာဆယ်ကို ရောက်ရှိလာချိန်မှာတော့ တိုနာလီက သူ့ကို ယုံကြည်ခဲ့တဲ့ နယူးကာဆယ်ကို ပြန်လည်ပေးဆပ်သွားမှာဖြစ်ကြောင်း စကားလုံး လှလှလေးတွေနဲ့ မိတ်ဆက်ခဲ့ပါတယ်။ တစ်ဖက်မှာတော့ တိုနာလီက နယူးကာဆယ်ကို ရောက်ရှိလာအပြီး တစ်ရက်နဲ့တင် အားလပ်ရက်ခရီးအဖြစ် ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။
နယူးကာဆယ်ဟာ နိုင်ငံတကာပွဲတွေ ကစားထားရတဲ့ ကစားသမားအချို့ကို အားလပ်ရက် ပိုပေးထားခဲ့ပြီး တိုနာလီကလည်း ဒီအချက်ကို အပိုင်အသုံးချသွားခဲ့တာပါ။ တိုနာလီနဲ့ ပတ်သက်လို့ ပရိသတ်တွေက “တိုနာလီက ဒီမာရီယာ ယူနိုက်တက်ကို ရောက်လာတုန်းက ခံစားချက်မျိုးနဲ့ အခု နယူးကာဆယ်ကို ရောက်လာခဲ့တာပါ” “သူ့ကို အေစီမီလန်က ရောင်းချလိုက်တာက တကယ်ကို စိတ်ပျက်စရာပဲ”
“သူက အခုကတည်းက နယူးကာဆယ်မှာ နေရတာကို မုန်းတီးနေပြီး အခုမှ ရာသီသစ်တောင် မစသေးပါဘူး” “တိုနာလီက နယူးကာဆယ်မှာ မနေချင်တာ သိသာရှင်းလင်းပါတယ်” “တိုနာလီလို ကစားသမားမျိုးကို မမြင်ဖူးပါဘူး။ သူက အသင်းပြောင်းလာရတာကို တော်တော်လေး စိတ်ပျက်နေပြီး သူ အေစီမီလန်က မထွက်ချင်ကတည်းက နယူးကာဆယ်တို့ ဒီအပြောင်းအရွှေ့ကို ရှေ့ဆက်မတိုးသင့်ပါဘူး” လို့ အသီးသီးမှတ်ချက်ပြုခဲ့ကြပါတယ်။