တော့တင်ဟမ်ဟော့စပါးအသင်းဟာ ကြာသပတေးနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ဆလိုဗေးနီးယားအောက်တန်းအသင်း မူရာကို နောက်ဆုံးမိနစ်မှာ ဂိုးပေးပြီး အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ပါတယ်။

မြောက်လန်ဒန်ကလပ်အသင်းဟာ အစောပိုင်းကတည်းက နောက်ကျနေ လိုက်ကစားနေခဲ့ရတာဖြစ်ပြီး နည်းပြ ကွန်တီလက်အောက်မှာ ပထမဆုံး ပွဲထွက်ကစားခွင့်ရခဲ့တဲ့ ရိုင်ယန် ဆီဆက်နွန်က ပထမပိုင်းမှာတင် ၂ ဝါ ၁ နီနဲ့ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။ စပါးအသင်းအတွက် ချေပဂိုးကို ၇၂ မိနစ်မှာ ဟာရီ ကိန်းက သွင်းယူပေးသွားခဲ့ပေမယ့် အာမာဒေဟာ မရိုဆာက ၉၄ မိနစ်မှာ လွန်ခဲ့တဲ့ ၉ နှစ်ကမှ စတင်တည်ထောင်ခဲ့ပြီး အုပ်စု G ပွဲစဉ်အားလုံးကို ရှုံးနိမ့်ခဲ့တဲ့ မူရာအသင်းအတွက် နောက်ကျ အနိုင်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

မူရာအသင်း အခြေစိုက်တဲ့ ဆလိုဗေးနီးယား အရှေ့မြောက်ပိုင်း မူစကာ ဆိုဘိုးတားမြို့ဟာ လူဦးရေ ၁၁၀၀၀ ဝန်းကျင်သာ ရှိတဲ့ မြို့လေးဖြစ်ပြီး လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်ကမှ အသင်းကို စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ တော့တင်ဟမ်ဟော့စပါးအသင်းဟာ မူရာအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် လက်ကျန်ပွဲစဉ် ၁ ပွဲ ကစားဖို့ ကျန်ရှိနေသေးချိန်မှာ ဒတ်ချ်ကလပ် ဗီတက်စ်နဲ့ ရမှတ် ၇ မှတ်ချင်း တူညီနေခဲ့ပြီဖြစ်ပြီး တကယ်လို့ ဒီဇင်ဘာ ၉ ရက်နေ့မှာ ရှုံးပွဲမရှိတဲ့ အုပ်စုဗိုလ် ရန်းနက်စ်ကို အနိုင်ယူနိုင်ခဲ့မယ်ဆိုရင်တောင်မှ ကြာသပတေးနေ့ညမှာ ဗီတက်စ်က ပြင်သစ်လီဂူးဝမ်းအသင်းနဲ့ တစ်ဖက် ၃ ဂိုးစီ သရေကျခဲ့ပြီး အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် အုပ်စုအောက်ဆုံးက မူရာကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ရမှာဖြစ်တာကြောင့် အုပ်စုအဆင့်ကနေ လှည့်ပြန်ရဖွယ်ရှိနေတာဖြစ်ပါတယ်။
စပါးအနေနဲ့ အုပ်စု ဒုတိယနေရာမှာ ပြီးဆုံးနိုင်ခဲ့ရင် ၁၆ သင်းရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ဖို့အတွက် play-off ၂ ကျော့ ကစားသွားရမှာဖြစ်ပါတယ်။ ဥရောပမှာ စပါးအသင်းဟာ အဝေးကွင်း ၁၀ ပွဲဆက်တိုက် ပေးဂိုးခွင့်ပြုခဲ့ရပြီး အနှေးနဲ့အမြန်ဆိုသလို ခြေစွမ်းမပြသနိုင်တဲ့ ကစားသးမားအများအပြားဟာ ကန်ထုတ်ခံရတော့မယ်ဆိုတာကို အာရုံခံနိုင်မှာဖြစ်ပါတယ်။
ပွဲအပြီးမှာ တော့တင်ဟမ်ဟော့စပါးနည်းပြ ကွန်တီက "၃ ပတ်အကြာမှာတော့ အခြေအနေကို ကျွန်တော် စတင်ပြီး နားလည်လာပါပြီ။ အဲဒါက မရိုးရှင်းပါဘူး။ အခုအချိန် စပါးအသင်းရှိနေတဲ့ အဆင့်အတန်းက အရမ်း မြင့်မနေပါဘူး"လို့ ပြောကြားခဲ့ပါတယ်။