PSG နောက်ခံလူ ရာမို့စ်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ ရီးရဲယ်မက်ဒရစ်ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး ဒဏ်ရာပြဿနာကြောင့် လက်ရှိအချိန်ထိ အသင်းသစ်နဲ့ ပွဲထွက်ကစားခွင့်မရရှိသေးပါဘူး။
စပိန်လူမျိုးနောက်ခံလူကြီးဟာ ခြေသလုံးကြွက်သားဒဏ်ရာရရှိထားတယ်လို့ ဖော်ပြထားပြီး အသက် (၃၅) နှစ်အရွယ် ရာမို့စ်အနေနဲ့ လက်ရှိအချိန်မှာတော့ PSG နဲ့အတူ လေ့ကျင့်ခန်းအပြည့်အဝ ပြန်ဆင်းနိုင်ခဲ့ပြီဖြစ်ပါတယ်။
အသင်းဆေးအဖွဲ့တွေကလည်း ရာမို့စ်ကို ပြန်လည်ကစားနိုင်ပြီလို့ အတည်ပြုချက်ပေးခဲ့ပြီး ဘယ်အချိန်မှာ စတင်ပွဲထွက်လာမလဲဆိုတာကတော့ နည်းပြပိုချက်တီနိုသာ ဆုံးဖြတ်ရတော့မှာဖြစ်ပါတယ်။ သတင်းတွေရဲ့ဖော်ပြချက်အရတော့ ရာမို့စ်အနေနဲ့ အနီးစပ်ဆုံး လာမယ့်အောက်တိုဘာ (၁၅) ၊ သောကြာညမှာ ကစားမယ့် အန်ဂါစ်နဲ့ ပြင်သစ်လီဂူးပွဲမှာ ပွဲထွက်လာနိုင်တယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာ နိုင်ငံတကာပွဲစဥ်တွေကြောင့် လိဂ်ပွဲတွေကိုရပ်နားထားပြီး ဒီလိုမျိုးလက်ရွေးစင်ပွဲတွေကြောင့် ကစားသမားတွေ ပွဲပန်းလာနိုင်ချိန်မှာ ရာမို့စ် ဒဏ်ရာက အချိန်ကိုက်ပြန်ကောင်းလာတာက သူ့အတွက် အခွင့်အရေးတစ်ခုလို့လည်းဆိုရမှာပါ။ အခြားတစ်ဖက်မှာလည်း အသင်းဘက်က ရာမို့စ်ကို အလျင်စလို အသုံးပြုသွားဖို့ ဆန္ဒမရှိဘူးလို့ သိရှိရပါတယ်။
PSG နည်းပြအဖွဲ့ဝင်တွေဟာ ရာမို့စ်ရဲ့ အသက်အရွယ်နဲ့ ကြံ့ခိုင်မှုကြောင့် နောက်တစ်ကြိမ်ဒဏ်ရာထပ်ရမှာကို စိုးရိမ်နေပြီး ဖိအားမရှိတဲ့ပွဲစဥ်တွေမှာသာ အချိန်အကန့်အသတ်နဲ့ စတင်ပွဲထွက်ကစားစေဖွယ်ရှိပါတယ်။ ဒါ့အပြင် ရာမို့စ်ရဲ့ ပွဲဆက်ပြတ်မှုက PSG အတွက် စဥ်းစားစရာဖြစ်နေမှာပါ။
ရာမို့စ်ဟာ (၂၀၂၁) တစ်လျှောက်လုံး ခက်ခဲတဲ့အချိန်ကာလတွေကိုဖြတ်သန်းခဲ့ရတာဖြစ်ပြီး လက်ရှိအချိန်အထိ ဒီတစ်နှစ်လုံးမှာ (၇) ပွဲသာ ကစားရသေးတာပါ။ အဲ့ဒါကြောင့်လည်း ရာမို့စ်အနေနဲ့ ဒဏ်ရာကပြန်ကောင်းလာသည့်တိုင် သူ့ရဲ့ အသင်းသစ်နဲ့ ပထမဆုံးပွဲကို စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းရဖွယ်ရှိနေပါတယ်။