ရန်ကုန်တိုင်းဒေသကြီးမှာ အခုချိန်ဟာ လျှပ်စစ်မီးလုံလောက်အောင်ပေးနိုင်တဲ့ အဆင့်တစ်ခုကို ရောက်နေပြီလို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြာားလိုက်ပါတယ်။
ရန်ကုန်တိုင်းအစိုးရ ဒုတိယတစ်နှစ်တာ ဆောင်ရွက်ချက်သတင်းစာရှင်းလင်းပွဲ
သြဂုတ်လ ၂၄ ရက်က ရန်ကုန်တိုင်းအစိုးရရဲ့ ဒုတိယတစ်နှစ်တာ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
လျှပ်စစ်မီးပေးရာမှာ နိုင်ငံတော်အနေနဲ့ စိုက်ထုတ်အရှုံးခံရတဲ့ အခြေအနေမျိုးမှာရှိခဲ့ပြီး အခုတော့ မြို့ပြတွေမှာ လျှပ်စစ်မီးကို လုံလုံလောက်လောက် ဖြန့်ဝေပေးနိုင်ခဲ့ပြီး ကျေးလက်ဒေသတွေမှာ မီးလင်းနိုင်ဖို့ ဆက်လက် ကြိုးစားရမယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်က ဆိုပါတယ်။
“ ဒီနေရာမှာ လျှပ်စစ်မီးပြည့်ပြည့်၀၀ရနေရင် မီးတွေဘာကြောင့်ပျက်တာလဲလို့ မေးစရာရှိပါတယ်။ ဓာတ်အားခွဲစက်ရုံတွေ စနစ်တကျမရှိတဲ့အတွက် မီးအား မငြိမ်တာ၊ မီးကြိုးတွေ အရည်အသွေးမကောင်းတာတွေကြောင့် ပေါ်ပေါက်တဲ့ ပြသနာတွေက ကြုံဆုံနေရဆဲပဲဖြစ်ပါတယ်” လို့ ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
ကြည့်မြင့်တိုင်မြို့နယ်ရှိ သွယ်တန်းထားသော လျှပ်စစ်မီးကြိုး
ရန်ကုန်တိုင်းအတွင်း လျှပ်စစ်မီးကြိုးတွေ ပြတ်ကျလို့ အသက်ဆုံးရှုံးခဲ့ရတဲ့ဖြစ်စဉ်တွေလည်း ပေါ်ပေါက်ခဲ့တာကြောင့် မီးကြိုးတွေ အသစ်လှဲလှယ်သွားမှာဖြစ်တယ်လို့သိရပါတယ်။
ဒါကြောင့် သွယ်တန်းထားပြီး ရှုပ်ထွေးနေတဲ့ မီးကြိုးတွေကို ရှင်းလင်းနိုင်ဖို့ မြို့နယ်တစ်ခုချင်းစီအလိုက် ဆောင်ရွက်နေပြီး မီးကြိုးအသစ်လှဲလှယ်နိုင်ဖို့ ကုန်ကျစရိတ်တွေကို ပုဂ္ဂလိကကဏ္ဍနဲ့ ပူးပေါင်းပြီး ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက အသက်၁၃ နှစ်ကျောင်းသားတစ်ဦး ပြုတ်ကျနေတဲ့ ဓာတ်ကြိုးကိုထိမိရာကနေ သေဆုံးခဲ့ပြီးဆေးတက္ကသိုလ်နောက်ဆုံးနှစ်ကျောင်းသားတစ်ဦးလည်း ဘောလုံးကန်နေရင်း ဓာတ်လိုက်သေဆုံးခဲ့ပါတယ်။
Share