လူမင်းဟာ သရုပ်ဆောင် ကျော်ကျော်ဗိုရဲ့ ကျွန်တော် ရှက်လို့ ဆိုတဲ့ ဇာတ်လမ်းတိုအပေါ် သူ့ရဲ့ သုံးသပ်ချက်တွေကို ပြောပြ လာပါတယ်။ အနုပညာလောကဆိုတာ အမြဲတမ်း လက်ညှိုးထိုးဝေဖန်ရမယ့် လောကကြီးမဟုတ်တဲ့ အကြောင်းကိုလည်း ဆက်လက်ပြောပြ ထားပါသေးတယ်။
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကြီးရဲ့ ဥက္ကဌဟောင်းတစ်ဦးလည်းဖြစ်၊ အနုပညာလောကမှာလည်း သက်တမ်းကြာနေပြီဖြစ်တဲ့ သရုပ်ဆောင် အကယ်ဒမီလူမင်း ဟာ လတ်တလောဖြစ်ပေါ်နေတဲ့ ရုပ်ရှင်လောကအကြောင်းကို အခုလိုဖွင့်ပြောလာပါတယ်။ မကြာခင်က သရုပ်ဆောင် ကျော်ကျော်ဗိုရဲ့ '' ကျွန်တော်ရှက်လို့'' ဆိုတဲ့ ဇာတ်လမ်းတိုလေး အပေါ်မှာလည်း သူ့ရဲ့ အမြင်ကို မီဒီယာတွေကနေတဆင့် ပြောပြလာပါတယ်။
'' မှန်ပါတယ်၊ ကျွန်တော်တို့မှာ အားနည်းချက်၊ လိုအပ်ချက်တွေ ရှိခဲ့တာ အများကြီးရှိခဲ့တာ ဝန်ခံပါတယ်။ အဲ့ဒီအတိုင်း ဘာလို့ ချီတက်နိုင်ခဲ့ သလဲ ဆိုတော့ အဲ့ဒီအတိုင်းကို အားပေးတဲ့ ပရိသတ်တွေ၊ ဖန်တီးတဲ့ သူတွေနဲ့ကို စည်း၊ဝါး ကိုက်ပြီး ချီတက်လာကြတာပါပဲ။ဒါပေမယ့် ကျွန် တော်တို့ လောကကြီးက ပြောင်းလဲလာကြပါပြီ။ ရုပ်ရှင်ဇာတ်ကားကြီးတွေဆိုလည်း အရမ်းကောင်းတဲ့ ကားကြီးတွေ ထွက်လာပါပြီ'' လို့ ဆိုပါတယ်။
Photo: လူမင်းဖေ့စ်ဘွတ်
ဖေ့စ်ဘွတ်သုံးတဲ့ အနုပညာရှင်တွေကို အကြံပြုစကားဆိုခဲ့တဲ့ လူမင်း
'' ကျွန်တော်ရှက်လို့'' ဆိုတဲ့ ဇာတ်လမ်းတိုလေးထဲမှာတော့ အနုပညာလောကရဲ့ လိုအပ်ချက်တွေကို ပရိသတ်တွေက ဝေဖန်လာတဲ့ အနေ အထား နဲ့ ကျော်ကျော်ဗိုက ဖော်ပြထားတာဖြစ်ပါတယ်။ ဒါပေမယ့် အနုပညာလောကဟာ ဒီလို တစ်ချိန်လုံး ဝေဖန်နေရမယ့် လောကကြီး မဟုတ်တဲ့အကြောင်း စက်တင်ဘာလ ၉ ရက်နေ့ မနက်ပိုင်းက ၁၂ ပွဲဈေးသည် ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲမှာ လူမင်းက ဖြေဆိုခဲ့တာပါ။
'' ကျွန်တော်ပြောချင်တာက ကျွန်တော်တို့လောကကြီးဟာ တစ်ချိန်လုံး လက်ညှိုးထိုး ဝေဖန်နေရမယ့် လောကကြီးမဟုတ်ပါဘူး။ ကျွန်တော်တို့ အပြောင်းအလဲတွေဖြစ်အောင်လည်း တစ်ချိန်လုံး ကြိုးစားနေကြပါတယ်။ ကြိုးစားမှုတွေရဲ့ ပြောင်းလဲတာတွေကိုလည်း အသိအမှတ်ပြုပေးကြ ပါ။ ရုပ်ရှင်လောကလို့ ပြောလိုက်တာနဲ့ လက်ညှိုးထိုးစရာ၊ ဝေဖန်စရာ၊ အပြစ်တင် ရှုံ့ချစရာလို့ မမြင်ကြစေချင်ပါဘူး'' လို့ သူကပြောပါတယ်။
လူမင်းဟာ ဒီလို ပြောပြခဲ့တဲ့ စကားလုံးတွေက '' ကျွန်တော်ရှက်လို့'' ဆိုတဲ့ ဇာတ်လမ်းတိုအပေါ် ထားတဲ့ ခံစားချက်တွေနဲ့ ပြောပြခဲ့တာပါလို့ ဆိုပါတယ်။ အမှားတွေကို သိလို့ အမှန်တွေကိုလည်း ပြင်ဆင်နေပါတယ်လို့ ဆက်လက်ပြောပြထားပါသေးတယ်။
'' အခု ကျွန်တော်ပြောတဲ့ စကားက အဲ့ဒီအပေါ်မှာ ခံစားပြီးပြောပြတာပါ။ အဲ့ဒီဟာတွေ အကုန်လုံးက အမှန်တွေချည်းပါဘဲ။ ဒါပေမယ့် အဲ့ဒါကို အမှန်လို့ သိရတဲ့အချိန်မှာ ကျွန်တော်တို့လည်း ပြောင်းလဲနေကြတာပဲ။ ကျွန်တော်တို့ကတော့ ထွက်မပြောဘူး ကိုယ့်ဘာသာ ကိုယ်တော့ ပြောင်းလဲနေတာပဲ'' လို့ လူမင်းက ပြောပြခဲ့တာဖြစ်ပါတယ်။
Photo: လူမင်းဖေ့စ်ဘွတ်
သရုပ်ဆောင် အကယ်ဒမီလူမင်းဟာ ၂၀၁၃ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကြီးရဲ့ ဥက္ကဌရာထူးကိုလည်း ထမ်း ဆောင်ခဲ့ပါတယ်။အခုနောက်ပိုင်းရုပ်ရှင်ဇာတ်ကားကြီးတွေမှာ သရုပ်ဆောင်အဖြစ်ပါဝင်ရိုက်ကူးနေသလို ဒါရိုက်တာအဖြစ်ရိုက်ကူးနေတဲ့ ဇာတ်ကားတွေလည်းရှိတယ်လို့ သိရပါတယ်။