အနုပညာရှင်အယောက် ၉၀ ကျော်ပါဝင်သွားမယ့် ၄ သင်းပတ်လည် ဘောလုံးပြိုင်ပွဲကိုတော့ မန္တလေးမြို့မှာ ၂ ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။ ၃ နှစ်ခွဲကျော်မှ ပြန်လည်ပြုလုပ်ခဲ့တဲ့ ဘောလုံးပွဲဖြစ်တယ်လို့ သိရပါတယ်။
Photo: Wai Min Maung
နိုင်ငံကျော်အနုပညာရှင်ပေါင်းများစွာပါဝင်တဲ့ ၄ သင်းပတ်လည် ဘောလုံးပြိုင်ပွဲကိုတော့ မန္တလေးမြို့မှာရှိတဲ့ မန္တလာသီရိဘောလုံးကွင်းမှာ ကျင်းပပြုလုပ်မယ်လို့ သိရပါတယ်။ ဒီ ဘောလုံးပွဲကိုတော့ ၂ ရက်တိုင်တိုင်ကျင်းပသွားမယ်လို့ စီစဉ်သူ ကိုဝေမင်းမောင်က ပြောပါတယ်။
‘’ ဘောလုံးကို တကယ်ချစ်မြတ်နိုးတဲ့စိတ်နဲ့ ကျင်းပတာဖြစ်ပါတယ်။ ဒီအတွက်လည်း သူတို့အစား ဂုဏ်ယူပါတယ်။ ဒီပွဲကိုတော့ စက်တင်ဘာလ ၇ ရက်နေ့နဲ့ ၈ ရက်နေ့တို့မှာ ကျင်းပမှာဖြစ်ပါတယ်။ ဒီနှစ်ကျင်းပနိုင်ခဲ့တာကလည်း ထူးခြားပါတယ်။ အရင်နှစ်တွေတုန်းက တစ်နှစ်ထဲကို ပြိုင်ပွဲ တစ်ပွဲတည်းပြုလုပ်နိုင်ခဲ့တာတွေ၊ တစ်နှစ်ထဲကို ပြိုင်ပွဲ ၂ ခု လုပ်ခဲ့တာတွေရှိပါတယ်။ ဒါပေမယ့် ၃ နှစ်ခွဲမကျင်းပခဲ့တာကြာပါပြီ။ ၃ နှစ်ခွဲကျော်မှ အခုလို ပြန်လည်ကျင်းပဖြစ်တာပါ’’ လို့ သူကဆိုပါတယ်။
အဲဒီနောက် အဆိုတော် ထွန်းထွန်းနဲ့အတူ စိုင်းစိုင်းခမ်းလှိုင်၊ လွှမ်းပိုင်၊ ယုန်လေး၊ ဟန်ထွန်းတို့အပြင် နောက်ထပ် အဆိုတော်များစွာတို့ကလည်း Music FC အသင်းမှာ ပါဝင်ကစားသွားမယ်လို့ ထွန်းထွန်းက ပြောပါတယ်။
‘’ Music FC မှာတော့ လူ ၂၅ ယောက် ခေါ်ခွင့်ပြုထားတယ်။ အဲဒီမှာ နည်းပြအုပ်ချုပ်သူအနေနဲ့က ၃ ယောက်၊ ကျန်တာကတော့ ကစားသမား ၂၂ ယောက်၊ ကျွန်တော်အပါအဝင် ကိုစိုင်းစိုင်းခမ်းလှိုင်၊ ကိုလွှမ်းပိုင်၊ ကိုယုန်လေး၊ ကိုဟန်ထွန်း အပြင် တခြား ကစားသမားတွေလည်း အများကြီးပါတယ်။ ကျွန်တော်ပြောရင်ကျန်သွားမှာစိုးလို့ပါ တော်တော်များများပါ ပါတယ်။ ကျွန်တော်တို့ ဂီတအသင်းရဲ့ ဆောင်ပုဒ်ကိုက ‘’ပျော်ရမည်’’၊ ကျွန်တော်တို့တွေက အရမ်းနိုင်ချင်တဲ့ စိတ်ကြီးနဲ့ ကန်ကြတာ မဟုတ်တဲ့အတွက် ပျော်ပျော်ပါးပါး ကန်ကြမယ်ပေါ့’’ လို့ ဆိုပါတယ်။
အဲဒီနောက် သရုပ်ဆောင်ပြေဇင်ကလည်း Movie FC အသင်းမှာ ပါဝင်ကစားသွားမယ်လို့ သိရပါတယ်။ ရန်ပုံငွေပွဲ ဖြစ်တာကြောင့်လည်း ဝမ်းသာပီတိဖြစ်လို့နေပါတယ်။
‘’ ကျွန်တော်ကတော့ ဦးဖိုးတာတို့ဦးဆောင်တဲ့ Movie Fc အသင်းမှာ အလယ်တန်း ကစားသမားတစ်ယောက်အနေနဲ့ ပါဝင်သွားမှာပါ။ ဒီက ရလာတဲ့ အကျိုးအမြတ်တွေကို လှူမှာဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့က ဝမ်းသာရမှာပါ။ တစ်ဖက်တလမ်းကနေ ဒါမျိုးလုပ်ခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ ပြည်သူတွေကိုလည်း အားတင်းထားစေချင်တယ်၊ အရင်တုန်းကလိုပဲ စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ရပ်တည်စေချင်ပါတယ်’’ လို့ သြဂုတ်လ ၁၆ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ၄ သင်းပတ်လည် ဘောလုံးပြိုင်ပွဲအတွက် စာနယ်ဇင်းပွဲမှာ ဖြေဆိုခဲ့တာပါ။
Photo: Wai Min Maung
အဲဒီနောက် ဟာသညီနောင်နှစ်ဦးဖြစ်တဲ့ Kညီ နဲ့ ဇော်ဇော်အောင်တို့ကလည်း အပီအပြင် ဘောလုံးကန်ကြမယ်လို့ ဆိုပါတယ်။ သူတို့ရဲ့ Movie FC အသင်းက ဂိုးသမားတွေကိုလည်း မိတ်ဆက်ပေးခဲ့ပြန်ပါတယ်။
‘’ Royal Club ရဲ့ ၄ သင်းပတ်လည်ပွဲမှာ Movie FC ပါမယ်၊ Music FC ပါမယ်၊ Model FC ပါမယ်၊ Forever FC ပါမယ်။ အဲဒီမှာ ကျွန်တော်တို့က Movie FC ကနေ ပါဝင်ကစားရမှာပါ။ ပထမဆုံး ကျွန်တော်တို့ အပြိုင်ကန်ရမယ့် အသင်းကတော့ Forever FC အသင်းပါ။ Forever FC အသင်းကတော့ ကျွန်တော်တို့ ကြားရတာကတော့ သူတို့က တော်တော်ကန်နိုင်တယ်၊ အရမ်းကောင်းတယ်လို့ကြားတယ်။ ကျွန်တော်တို့ အသင်းက ဂိုးဖမ်းသမားတွေကတော့ စူးရှ နဲ့ နေဒွေး’’ လို့ ဆိုပါတယ်။
Myanmar Media7 & Royal Club တို့ ပူးပေါင်းထားတဲ့ ၄ သင်းပတ်လည် ဘောလုံးကစားကြမယ့် အနုပညာရှင်တွေကတော့ Music အသင်းမှာတော့ စိုင်းစိုင်းခမ်းလှိုင် ၊ ထွန်းထွန်း ၊ ယုန်လေး ၊ လင်းလင်း ၊ ဟန်ထွန်း ၊ ဟက်ကက် ၊ နန္ဒစိုင်း ၊ လွှမ်းပိုင် ၊ သားသား ၊ အောင်ရဲထိုက် ၊ Morris ၊ ဝေလျှံ ၊ ဒီဖြိုး ၊ ဥဂ္ဂါ ၊ ရဲနောင် ၊ နိုင်းနိုင်း ၊ သီဟလူ ၊ ထွဋ်ထွဋ် ၊ ဖြိုးမောင်မောင်ကျော် ၊ လတ်ကိုကိုအေး ၊ ဇော်ဇော်ထွန်း ၊ မုန်ဆန်အောင် ၊ ကေဟိန်း။ Model FC အသင်းမှာတော့ ဒေါင်း ၊ ထွန်းကိုကို ၊ သီဟစိုး ၊ အောင်လေး ၊ ချာလီ ၊ ဆန်းတိုးနိုင် ၊ ကောင်းစစ်သွေး ၊ နေတန် ၊ မိုးသူရ ၊ စိုးလွင်ဦး ၊ မိုးမာန် ၊ ရဲဟိန်း ၊ မုတ်သုန် ၊ ဂျွန် ၊ ထက်ဦးထွဋ် ၊ နေခန့်ထည် ၊ သစ္စက ၊ ဟိန်းထက် ၊ ကျော်ဇင်လှ ၊ နေမင်းဆက် ၊ အောင်ဟိန်းခန့် ၊ ဆက်ပိုင် ၊ စောခရစ္စတိုဖာ။ Forever FC အသင်းမှာ ကောင်းထက်ဇော် ၊ အောင်ရေချမ်း ၊ စည်သူဝင်း ၊ နက္ခတ် ၊ လင်းမြတ် ၊ ဟိန်းထက် ၊ တေဇာကျော် ၊ မှူးသီဟသူ ၊ မာန်ဟိန်း ၊ အောင်ပိုင် ၊ ဟိန်းရတု ၊ နေလင်းရှိန်း ၊ စောမင်းရာ ၊ ထက်မြတ်ဖြိုး ၊ ကိုစိုင်း ၊ ရဲအောင်လင်း ၊ ဘိုဘိုအောင် ၁ ၊ ဘိုဘိုအောင် ၂ ၊ ရွှန်းပြည့်ဟိန်း ၊ ကျော်သီဟနိုင်။ Movie FC မှာလည်း သူထူးစံ ၊ ကျော်ကျော်ဗိုလ် ၊ နေမင်း ၊ မိုးယံဇွန် ၊ ကျော်ကျော် ၊ နေဒွေး ၊ အောင်မြင့်မြတ် ၊ ပြေဇင် ၊ ကိုပေါက် ၊ မင်းခန့်ကျော် ၊ စူးရှ ၊ ဖိုးဉာဏ် ၊ မိုးလရောင် ၊ ပြည်ကျော် ၊ မောင်မောင်သန့် ၊ အောင်သီဟ ၊ ကောင်းစည်သူ ၊ သစ်နေစ ၊ မျိုးမင်းသိန်း ၊ သိန်းထိုက်အောင် ၊ တေဇာအောင် ၊ ဇေထူး စတဲ့ အနုပညာရှင်တွေက ပါဝင်သွားမှာဖြစ်ပါတယ်။