ပျော်စရာ၊ ရယ်စရာ ဟာသလေးတွေနဲ့ ပရိသတ်ကို တစ်နှစ် တစ်ခါဖျော်ဖြေပေးေ နတဲ့ နှင်းဆီအဖွဲ့သားတွေကတော့ ဒီနှစ်မှာ ထူးခြားမှု အနေနဲ့ Unplugged Show ပုံစံလေး တင်ဆက်သွားမယ်လို့ သိရပါတယ်။

Photo: Hnin Si
ပရိသတ်တွေ မျှော်လင့်စောင့်စားနေကြတဲ့ နှင်းဆီ Unplugged Show ပွဲကို စက်တင်ဘာလမှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ လက်ရှိမှာလည်း ဒီဖျော်ဖြေပွဲ အတွက် နှင်းဆီအဖွဲ့သားတွေဟာ ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေကြပြီလို့ ကိုဝေမင်းမောင်က Duwun ကို ပြောပါတယ်။
“ Unplugged Show ဆိုတာက ဖျော်ဖြေပွဲပုံစံပေါ့။ နှင်းဆီအဖွဲ့က အစောကတည်းက ဟာသလေးတွေ နဲ့ တင်ဆက်တတ်တယ်။ ဒါကြောင့် အစ်ကိုတို့က အငြိမ့်လို ပုံစံ မဟုတ်ပဲ သီချင်းလို ပုံစံမျိုးကို ဟာသလေးတွေနဲ့ တွဲပြီးတော့ ဆိုသွားမှာပေါ့။ သူတို့ကို ကျတော့ သီချင်းဖျော်ဖြေမှု ပုံစံကိုလူ(၅) ယောက်အကုန်ရောထိုင်ပြီးတော့ သီဆိုဖျော်ဖြေမှုတွေ ပါတယ်။ နာမည်ကြီး သီချင်းလေးတွေ၊ သူတို့ ကိုယ်တိုင် လုပ်ထားတဲ့ သီချင်းလေးတွေပါတယ်။ နာမည်ကြီး အဆိုတော်တွေကို ဖိတ်ပြီးတော့ သီချင်းဆိုမှာတွေလည်း ပါတယ်။ အချိန်ကတော့ (၂) နာရီလောက်ကြာမယ်”လို့ ဆိုပါတယ်။
Photo: Sniper of Photography
နှင်းဆီ Unplugged Show ပွဲကိုတော့ Marlarmyaing Group Facebook Page ၊ Myanmar Media 7 ၊ King 7 Dynasty ၊ 7th Sense Creation Facebook Page တွေမှာ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမယ်လို့ သိရပါတယ်။ ဒီဖျော်ဖြေပွဲမှာ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) ဦးဆောင်ပြီး သရုပ်ဆောင် မင်းမော်ကွန်း ၊ နေတိုး ၊ ကျော်ကျော်ဗိုလ်၊ ထွန်းထွန်း ၊ ရဲလေး တို့က အဓိက ပါဝင်တင်ဆက်သွားမယ်လို့ ကိုဝေမင်းမောင် က ဆိုပါတယ်။ နှင်းဆီ Unplugged Show ဖြစ်မြောက်ဖို့ အတွက် King 7 Dynasty က ဦးစီး စီစဉ်ထားတာ လို့လည်း သိရပါတယ်။
Photo: Sniper of Photography
နှင်းဆီ အငြိမ့်အဖွဲ့က စည်းစည်းလုံးလုံးနဲ့ ပရိသတ်ကို ကပြဖျော်ဖြေခဲ့တာ အခုဆိုရင် (၁၄) နှစ် ကြာခဲ့ ပြီဖြစ်ပါတယ်။ နှင်းဆီအဖွဲ့ကို ဦးဆောင်သူကတော့ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) ပါ။ လက်ရှိမှာလည်း နှင်းဆီရင်ခွင် လူမှုကူညီရေး အသင်းကို ဖွဲ့စည်းထားတာ ဖြစ်ပြီး ကျောင်းဆောက်၊ ဘုရားတည်၊ လိုအပ်မှုတွေ များနေတဲ့ နေရာဒေသတွေကို သွားရောက် ကူညီပေးနေတာကိုလည်း တွေ့ရပါတယ်။