ပြည်သူတွေအနေနဲ့ နေ့စဉ်အလုပ်အသွား/အပြန်မှာ တစ်ခါသုံး Mask အစား အဝတ် Mask တွေကို အစားထိုးသုံးစွဲမယ်ဆိုရင် ရောဂါကာကွယ်ရုံသာမကပဲ နိုင်ငံ့စီးပွားရေးအတွက်ပါ အထောက်အပံ့ဖြစ်စေနိုင်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ညနေပိုင်းက လူမှုကွန်ရက်စာမျက်နှာမှာရေးသားဖော်ပြခဲ့ပါတယ်။
အတိုင်ပင်ခံက ကျွမ်းကျင်သူဝန်ထမ်းတွေရဲ့တွက်ချက်ပြမှုအရ နိုင်ငံလူဦးရေရဲ့ ၂၅ရာခိုင်နှုန်းကတစ်လကို ၂၂ရက်အလုပ်သွားရန်အတွက် တစ်ခါသုံး Mask သုံးမယ်ဆိုရင် ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၆၃.၃သန်းအထိရှိနိုင်တယ်လို့ရေးသားထားပါတယ်။ ဒါကြောင့် အဝတ် Mask တွေကျယ်ကျယ်ပြန့်ပြန့်သုံးနိုင်အောင် ကူညီပေးသူတွေက ပြည်သူ့ကျန်းမာရေးအတွက်သာမကပဲ နိုင်ငံ့စီးပွားရေးကိုပါ အထောက်အပံ့ဖြစ်စေတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ကျင်းပမယ့် Mask ပြိုင်ပွဲကိုလည်း ဝင်ရောက်ယှဉ်ပြိုင်သူ ၂၁,၁၂၀ရှိတယ်လို့သိရပါတယ်။ ဒီလူဦးရေထဲက Like အများဆုံးရသူ ၁၂ဦးကိုရွေးချယ်ဆုပေးမယ်လို့သိရပြီး ဆုစာရင်းအတွက် ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက စိစစ်ရွေးချယ်နေပါတယ်။
COVID-19 ရောဂါဖြစ်ပွားနေချိန်ကာလအတွင်း Mask မတပ်ပဲ အပြင်သွားလာသူတွေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဖမ်းဆီးအရေးယူမှုတွေလုပ်နေသလို Mask Camping တွေလုပ်ပြီး အခမဲ့ဝေငှမှုတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေပါတယ်။ လက်ရှိဈေးကွက်အတွင်းမှာ Mask တစ်ခုရဲ့တန်ကြေးက ကျပ်၃၀၀နဲ့ ၄၀၀အကြားမှာရှိနေတဲ့အတွက် ပြည်သူတွေရဲ့စီးပွားရေးအခြေအနေအရ အဝတ် Mask တွေကို ကျယ်ကျယ်ပြန့်ပြန့်သုံးဖို့အတွက် နိုင်ငံတော်အတိုင်ပင်ခံက တိုက်တွန်းနေတာလည်းဖြစ်ပါတယ်။