• ဘိုင်ယန်နဲ့ဂျူဗင်နောက်ကိုလိုက်မှာမဟုတ်ဘူးလို့ အူနိုင်းနဲ့မတွေ့ခင်မှာ ကလော့ပ်သတိပေး

ဗီလာရီးရဲလ်နဲ့ပွဲမတိုင်ခင်မှာ ပြောကြားခဲ့တာပါ။
[Zawgyi Version]

လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က ဒီကနေ့ည ဗီလာရီးရဲလ်နဲ့ ကစားမယ့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့အတွက် ပြိုင်ဘက် ဗီလာရီးရဲလ်ကို လျှော့တွက်သွားမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။ လီဗာပူးဟာ ဗီလာရီးရဲလ်ကို အိမ်ကွင်းမှာ အရင်ဆုံးဧည့်ခံကစားရမှာပါ။

လီဗာပူးက ဗိုလ်လုပွဲကို တက်ရောက်ဖို့ တော်တော်လေး ရေပန်းစားနေပေမယ့် တဖက်က ဗီလာရီးရဲလ်ကတော့ ဂျူဗင်တပ်စ်၊ ဘိုင်ယန်မြူးနစ်တို့ကို အဆင့်ဆင့်ဖြုတ်ချလာတာကြောင့် လီဗာပူးအတွက် သတိထားရမယ့် အနေအထားတရပ်ပဲဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း လီဗာပူးနည်းပြ ကလော့ပ်က ဗီလာရီးရဲလ်နဲ့ပွဲမတိုင်ခင် အခုလိုပဲ ပြောကြားခဲ့ပါတယ်။

ကလော့ပ်က “ဆီမီးဖိုင်နယ် ကစားခွင့်ရတာက တကယ်ကို ပြီးပြည့်စုံတဲ့ ခံစားချက်ပါ။ ရူးလောက်စရာပါပဲ။ ဗီလာရီးရဲလ်နဲ့တွေ့မယ့်ပွဲက ပွဲကြီးပွဲကောင်းပါ။ ကျနော်တို့ အခုရင်ဆိုင်ရမှာကလည်း အရမ်းကို ခက်ခဲတဲ့ပြိုင်ဘက်ပါ။ ရာနှုန်းပြည့် အရိုးသားဆုံးပြောရရင် ဗီလာရီးရဲလ်က ဒီပြိုင်ပွဲအတွက် တည်ဆောက်ထားသလားကို ထင်ရပါတယ်။ သူတို့က နောက်ဆုံးနှစ်ပွဲမှာ အားသာချက်အနည်းငယ်ရှိခဲ့ပါတယ်”

“ဂျူဗင်တပ်စ် ဒါမှမဟုတ် ဘိုင်ယန်မြူးနစ်က သူတို့ကို လျှော့တွက်ခဲ့မိတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျနော်တို့နဲ့ဆိုရင်တော့ လုံးဝကိုမဖြစ်စေရပါဘူး။ ဒီလိုဖြစ်စရာ အကြောင်းမရှိပါဘူး။ အဲ့ဒီတော့ သူတို့ ကျနော်တို့နဲ့တွေ့တဲ့အခါမှာ ဒါမျိုး အားသာချက်မရပါဘူး။ ဗီလာရီးရဲလ်က သမိုင်းသစ်ရေးထိုးလိုတဲ့ တကယ်ကောင်းတဲ့ အသင်းတသင်းပါ”

“ဒါက ချန်ပီယံလိဂ်ဖိုင်နယ်ကို သူတို့အတွက် ပထမဆုံး သွားခွင့်ရနိုင်မယ့် အခွင့်အရေးလည်းဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်တို့အတွက်လည်း သူတို့နည်းတူ တော်တော်လေး အရေးပါနေပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ လီဗာပူးဟာ ဒီရာသီမှာ ဆုဖလားလေးလုံး မျှော်လင့်ခွင့်ရှိနေတဲ့ တသင်းတည်းသောကလပ်အသင်းဖြစ်ပြီး နောက်ဆုံး (၅) နှစ်အတွင်း ချန်ပီယံလိဂ်ဗိုလ်လုပွဲကို (၃) ကြိမ်မြောက် တက်ရောက်နိုင်အောင် ကြိုးစားရမှာဖြစ်ပါတယ်။ 

Share

Loading Next Article...