မက်ဆီပြောတဲ့စကားနဲ့ ပြန်လည်ကာကွယ်ခဲ့တာပါ။

ဘာစီလိုနာနည်းပြဇာဗီက အသင်းကစားသမားဟောင်း မက်ဆီ ပြောခဲ့တဲ့စကားကို ပြန်လည်ထောက်ပြပြီး အကောင်းဆုံးအသင်းဆိုတိုင်း ချန်ပီယံလိဂ်ဖလားကို မဆွတ်ခူးနိုင်ဘူးလို့ ဖွင့်ဟပြောကြားလာပါတယ်။ ဘာစီလိုနာဟာ ဒီကနေ့ညမှာ ချန်ပီယံလိဂ်အုပ်စုပွဲအဖြစ် အင်တာမီလန်ကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာပါ။



ဒီပွဲမတိုင်ခင်မှာ ဘာစီလိုနာနည်းပြဇာဗီက (၂၀၁၅) နောက်ပိုင်း အသင်းရဲ့ ချန်ပီယံလိဂ်အောင်မြင်မှုနဲ့ ကာလရှည်ဝေးကွာနေမှုအပေါ် “ကျနော်ထင်ပါတယ်။ မက်ဆီပြောခဲ့တာဖြစ်မှာပါ။ မက်ဆီက အကောင်းဆုံးအသင်းဆိုတိုင်း ချန်ပီယံလိဂ်ဖလားကို မရဘူးဆိုပြီးတော့ ပြောခဲ့တာပါ။ ဒီတော့ သူပြောသလိုပဲပေါ့ဗျာ။ လာလီဂါပြိုင်ပွဲက ချန်ပီယံလိဂ်ပြိုင်ပွဲထက် ပိုမို တရားမျှတပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် မက်ဆီတယောက် ဘာစီလိုနာကို ပြန်လာဖို့ ကိစ္စအပေါ်မှာလည်း ဇာဗီက တပါတည်း ဖွင့်ဟပြောကြားခဲ့ပါသေးတယ်။ ဇာဗီက “မက်ဆီ ဘာစီလိုနာကို ပြန်လာဖို့လား။ ဘာဖြစ်မလဲ စောင့်ကြည့်ကြတာပေါ့။ ဒါပေမယ့် အခုက မက်ဆီအကြောင်း ပြောရမယ့်အချိန်တော့ မဟုတ်သေးပါဘူး။ ကျနော်တို့ သူ့ကို အရမ်းချစ်ခင်ကြပါတယ်”

“ဒါပေမယ့် အခုချိန်က သူ့အကြောင်းပြောရင်း သူ့ကို မျက်နှာသာပေးရမယ့်အချိန် မဟုတ်သေးပါဘူး။ မက်ဆီကို ပဲရစ်မြို့မှာ ပျော်ရွှင်ခွင့်ပေးရဦးမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ မက်ဆီဟာ ပြီးခဲ့တဲ့ (၂၀၂၁) နွေရာသီမှာ ဘာစီလိုနာကနေ ပီအက်စ်ဂျီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။ ဒီရာသီမှာတော့ မက်ဆီက ပဲရစ်မြို့မှာ ပုံစံကောင်းတွေပြသရင်း ကမ္ဘာ့ဖလားချန်ပီယံဆုအတွက်ပါ ရေပန်းစားနေခဲ့ပါတယ်။

မက်ဆီနဲ့ ပီအက်စ်ဂျီတို့ စာချုပ်သက်တမ်းက နောက်ဆုံးနှစ်အတွင်းကို ရောက်ရှိနေပြီး ပီအက်စ်ဂျီက မူလသဘောတူထားတဲ့အတိုင်း တနှစ် သက်တမ်းတိုးဖို့ မက်ဆီကို ကမ်းလှမ်းထားပါတယ်။ ဒါပေမယ့် ကစားသမားကိုယ်တိုင်က လာမယ့်ဆောင်းရာသီကမ္ဘာ့ဖလားပြီးမှသာ အနာဂတ်အတွက် ဆုံးဖြတ်သွားမယ်လို့ အသင်းထံ အကြောင်းပြန်ထားပါတယ်။ 

Share

Loading Next Article...
က္က