အသင်းဟောင်းရဲ့ လက်ရှိဆိုးရွားနေတဲ့ အခြေအနေတွေကြောင့် သူ နာကျင်ရပေမယ့်လည်း လက်ရှိအသင်းအတွက်တော့ အကောင်းဆုံးကြိုးစားကစားသွားမှာဖြစ်တယ်လို့ ပြောဆိုလိုက်တာဖြစ်ပါတယ်။
ဘာကာတိုက်စစ်မှူးဟောင်းနဲ့ လက်ရှိမှာ အက်သလက်တီကိုမက်ဒရစ်တိုက်စစ်မှူးဖြစ်နေတဲ့ ဆွာရက်ဇ်က လာမယ့်စနေနေ့မှာ ရင်ဆိုင်ရမယ့် အသင်းဟောင်းနဲ့ပွဲစဉ်မှာ ဂိုးသွင်းနိုင်ဖို့ ကြိုးစားသွားမှာဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။ ESPN နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဆွာရက်ဇ်က အသင်းဟောင်းရဲ့ လက်ရှိဆိုးရွားနေတဲ့ အခြေအနေတွေကြောင့် သူ နာကျင်ရပေမယ့်လည်း လက်ရှိအသင်းအတွက်တော့ အကောင်းဆုံးကြိုးစားကစားသွားမှာဖြစ်တယ်လို့ ပြောဆိုလိုက်တာဖြစ်ပါတယ်။

ဆွာရက်ဇ်ကတော့ ပြီးခဲ့တဲ့ရာသီမှာ အက်သလက်တီကိုကိုပြောင်းရွှေ့ခဲ့ကာ အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။ အသက် ၃၃ နှစ်အရွယ် ဥရုဂွေးတိုက်စစ်မှူးဟာ ထိပ်တန်းအဆင့်မှာကစားနေနိုင်ဆဲဖြစ်ပေမယ့် နည်းပြရော်နယ်ကိုးမန်းရဲ့ နှစ်သက်မှုကို မရရှိတဲ့နောက် အေတီကိုကို အလွတ်ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ဘာစီလိုနာအတွက်တော့ နောင်တရစရာအကောင်းဆုံး လက်လွှတ်မှုတွေထဲက တစ်ခုဖြစ်လာခဲ့ပါတယ်။
ဘာစီလိုနာကတော့ မက်ဆီထွက်ခွာသွားမှုနဲ့အတူ ရလဒ်တွေဆိုးရွားနေပြီး ချန်ပီယံလိဂ်မှာလည်း နှစ်ပွဲဆက်တိုက် ၃-၀ ဆိုတဲ့ ရလဒ်တွေနဲ့ ဘိုင်ယန်၊ ဘင်ဖီကာတို့ကို ရှုံးနိမ့်ခဲဲ့ပါတယ်။ ESPN နဲ့ အင်တာဗျူးမှာ ဆွာရက်ဇ်က သူ့အနေနဲ့ ဘာကာကမထွက်ခွာခင်မှာ တစ်ဦးတည်းလေ့ကျင့်ခန်းဆင်းခဲ့ရမှုက ၃၊ ၄ ကြိမ်ခန့်ရှိခဲ့ပြီး အခုချိန်ထိ ပြန်တွေးလိုက်တိုင်း နာကျင်နေရဆဲဖြစ်တယ်လို့ ဖွင့်ဟခဲ့ပြီး သူ့အပေါ်အသင်းဘက်က ဆက်ဆံခဲ့မှုက ထိုက်တန်မှုမရှိခဲ့ဘူးလို့လည်း ပြောဆိုခဲ့ပါတယ်။
လာမယ့်ပွဲနဲ့ပတ်သက်ပြီး ဆွာရက်ဇ်က "အခုတော့ ကျွန်တော်က အက်သလက်တီကိုကစားသမားပါ၊ ကျွန်တော့်အတွက် တံခါးဖွင့်ပေးခဲ့တဲ့ အသင်းဖြစ်ပြီးတော့ သူတို့အတွက် ကျွန်တော်လုံးဝမလှုပ်မရှားနိုင်ဖြစ်တဲ့အထိကို တိုက်ပွဲဝင်ပေးသွားမှာပါ၊ ဘာလို့လဲဆိုတော့ ဒီမှာ ကျွန်တော်ပျော်ရွှင်မှုကို ခံစားနေရလို့ပါပဲ၊ ကျွန်တော့်အလုပ်ကိုလည်း ကျွန်တော်ချစ်တယ်၊ ကျွန်တော့်ရှေ့မှာ ဘယ်လိုပြိုင်ဘက်တွေပဲဖြစ်နေပါစေ ဂရုမစိုက်ပါဘူး" လို့ ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် "စနေနေ့ပွဲမှာတော့ အခွင့်အရေးရတာနဲ့ ဂိုးသွင်းနိုင်ဖို့ ကျွန်တော်ကြိုးစားမှာပဲ။ ဒါက တကယ်ကိုကောင်းမွန်ပါတယ်၊ ဒါပေမယ့် အသင်းအနိုင်ရမယ်ဆိုရင်တော့ ပိုပြီးတော့ပျော်ရွှင်ရပါတယ်" လို့ သူက ထပ်ပြောခဲ့ပါတယ်။ မန်စီးတီးနဲ့ပွဲမှာ ပီအက်စ်ဂျီအတွက် မက်ဆီက သူ့ရဲ့ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့လို့ သူငယ်ချင်းတစ်ယောက်အနေနဲ့လည်း ပျော်ရွှင်မိတယ်လို့ ဆွာရက်ဇ်က နောက်ဆုံးမှာ ပြောကြားခဲ့ပါသေးတယ်။