ရီးရဲလ်မက်ဒရစ်နဲ့ ဂျာမနီလက်ရွေးစင် ကွင်းလယ်ကစားသမားကြီး တိုနီကရူးစ်က အမ်ဘာပေနဲ့ ရီးရဲလ်မက်ဒရစ်တို့အကြားက ကိစ္စတွေကို မသိရှိကြောင်း ပြောကြားသွားခဲ့ပါတယ်။ အမ်ဘာပေဟာ လာမယ့်နွေရာသီမှာ ရီးရဲလ်မက်ဒရစ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာဖို့ သေချာသလောက်ရှိနေပါတယ်။
ဒါပေမယ့်လည်း ဒီသတင်းတွေနဲ့ ပတ်သက်လို့ လက်ရှိအချိန်အထိ သက်ဆိုင်သူတွေအားလုံးက အတည်ပြုထားခြင်းမရှိသေးဘဲ အမ်ဘာပေဘက်ကလည်း ငြင်းဆန်ထားဆဲပါ။ ပြီးခဲ့တဲ့ သောကြာနေ့ညမှာတော့ ပြင်သစ်နဲ့ ဂျာမနီတို့ နိုင်ငံတကာခြေစမ်းပွဲအဖြစ် ထိပ်တိုက်တွေ့ခဲ့ပါတယ်။
အဲ့ဒီပွဲမှာ အမ်ဘာပေရဲ့ ပြင်သစ်ကို တိုနီကရူးစ်ရဲ့ ဂျာမနီက နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲအပြီးမှာ မီဒီယာတွေက အမ်ဘာပေရဲ့ သတင်းနဲ့ ပတ်သက်လို့ တိုနီကရူးစ်ကို မေးမြန်းခဲ့ပါတယ်။ တိုနီကရူးစ်ကလည်း “အမ်ဘာပေတောင် မသိတာကိုဗျာ၊ ကျွန်တော်က ဘယ်လိုလုပ်ပြီး သိမှာလဲ”
“ရီးရဲလ်မက်ဒရစ်မှာ ကျွန်တော်တို့က အကောင်းဆုံးကစားသမားတွေကိုပဲ လိုချင်တာပါ။ သူကလည်း အကောင်းဆုံးတွေထဲက တစ်ယောက်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။ အရေးအကြီးဆုံးအချက်က လုပ်စရာရှိတာတွေကို လုပ်ဖို့ပါ။ ဒါက မက်ဒရစ်အတွက် ကောင်းပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော့်အထင်ကို ပြောရရင် ကျွန်တော်တို့မှာလည်း ကောင်းမွန်တဲ့အသင်းတစ်သင်းရှိပြီးသားပါ” လို့ ပြောကြားသွားခဲ့ပါတယ်။
တိုနီကရူးစ်ဟာ လာမယ့်နွေရာသီမှာ ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး လက်ရှိအချိန်အထိ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်လို့ အနားယူမလား၊ ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သက်တမ်းတိုးမလားဆိုတာကိုလည်း မဆုံးဖြတ်ရသေးပါဘူး။