အေစီမီလန်နဲ့ မန်စီးတီးတို့ရဲ့ မနေ့က ကစားခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲမှာ မြင်တွေ့ခဲ့ရတဲ့ ကဲလ်ဗင်ဖီးလစ်ရဲ့ ခြေစွမ်းကို ပရိသတ်တွေက လှောင်ပြောင်ဝေဖန်နေကြပါတယ်။ ဒီပွဲမှာ အေစီမီလန်က မန်စီးတီးကို ၃-၂ ဂိုးနဲ့ အနိုင်ရခဲ့တာပါ။
ဖီးလစ်ဟာ လိဒ်စ်ယူနိုက်တက်ကနေ မန်စီးတီးကို ရောက်ရှိလာခဲ့တဲ့ ကစားသမားပါ။ ဒါပေမယ့် အသင်းမှာ လုံးဝခြေစွမ်းပြနိုင်ခြင်းမရှိသေးဘဲ ပြီးခဲ့တဲ့ရာသီကလည်း ဝက်စ်ဟမ်းကို အငှားနဲ့ ထွက်ကစားခဲ့ရပါသေးတယ်။
ဒီလိုမျိုး ကစားခဲ့ရသည့်တိုင် ဖီးလစ်ရဲ့ခြေစွမ်းပိုင်းက တိုးတက်လာခြင်းမရှိဘဲ မန်စီးတီးမှာ နေရာရဖို့ ရုန်းကန်ရမှာ သေချာပါတယ်။ အေစီမီလန်နဲ့ပွဲမှာလည်း ဖီးလစ်က ကွင်းလယ်မှာ ဘောလုံးရလာချိန် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ၊ ဘယ်သူ့ကို ပေးရမှန်း မသိဖြစ်ခဲ့တာပါ။
ဖီးလစ်တစ်ယောက် ဘောလုံးကို ဟိုဘက်ဆွဲလိုက်၊ ဒီဘက်ဆွဲလိုက်နဲ့ တစ်ယောက်တည်း ဒုက္ခရောက်နေခဲ့ရပြီး ဝက်စ်ဟမ်းပရိသတ်တွေကပါ သူ့ကို ဝေဖန်ခဲ့ပါတယ်။ ဖီးလစ်ဟာ ဒဏ်ရာပြဿနာတွေရဲ့ နှိပ်စက်ခြင်းကိုလည်း ခံခဲ့ရပြီး အဲ့ဒါကြောင့်ပဲ သူ့ရဲ့ ပုံမှန်ခြေစွမ်းကို ထိခိုက်စေခဲ့တာဆိုရင်လည်း မမှားပါဘူး။