Best Picture Award ဆုကိုတော့ ''လရောင်ဖြာတဲ့ အင်းလေးမှာ''ရုပ်ရှင်ကားကြီးက ရရှိခဲ့တာပါ။
ပထမဆုံးအကြိမ် ကျင်းပပြုလုပ်တဲ့ Star Awards ဆုပေးပွဲမှာတော့ Best Picture Award ဆုကို လရောင်ဖြာတဲ့ အင်းလေးမှာ ရုပ်ရှင်ကားကြီးက ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ ဒီဇာတ်ကားကို ဝါဝါဝင်းရွှေ ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ခဲ့တာပါ။ ဒီဇာတ်ကားထဲမှာ နေတိုး(နှစ်ကိုယ်ခွဲ) ၊ ဝါဇင် နဲ့ ဝတ်မှုန်ရွှေရည်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။
''ဒီလို ဆုမျိုးနဲ့ ဝေးခဲ့တာ နှစ်ပေါင်း ၃၀ ရှိသွားပါပြီ။ ၁၉၆၉ ခုနှစ်က ချစ်သမီး ဇာတ်ကားနဲ့ ပထမဆုံးဆု ရရှိခဲ့ပါတယ်။ ဒီဆုကို ရရှိဖို့ အရမ်းခဲယဉ်းပါတယ်။ အမှတ်တမဲ့ကြီးရခဲ့တာပေါ့နော်။ ကျွန်မအသက် ၇၆ နှစ်ရှိပါပြီ။ ရုပ်ရှင်သက် ၆၀ ရှိပါပြီ။ အသက် ၁၆ နှစ်ကတည်းက အနုပညာအလုပ်လုပ်ခဲ့တာပါ။ သေတဲ့အထိလုပ်မှာပါ။ ဒီဇာတ်ကားဟာ ဖောင်တော်ဦး ဘုရားကို ပထမဆုံး ဖူးချင်တဲ့ ဆန္ဒကနေ ပြီးတော့ ရိုက်ခဲ့တာပါ။ ရမယ်လို့ မထင်တာကြောင့် ဒီပွဲကို အောက်ဆီဂျင်ဗူး၊ ဝှီးချဲနဲ့ လာခဲ့တာပါ'' လို့ ဝါဝါဝင်းရွှေက ပြောပါတယ်။
Star Awards ဆုပေးပွဲမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေအတွက် ဆု(၁၅)ဆု၊ ရုပ်ရှင်ဇာတ်လမ်းတွဲအတွက် ဆု (၅) ဆု ချီးမြှင့်သွားမယ်လို့ သိရပါတယ်။ Fashion ဆု ၃ ဆု တို့ကို ချီးမြှင့်သွားမှာဖြစ်ပါတယ်။ ရုပ်ရှင်ထူးချွန်ဆု ရရှိသူများကို ရွှေရောင်ဆုတံဆိပ်နဲ့အတူ ဆုကြေးငွေ သိန်း(၅၀) စီ၊ ရုပ်သံဇာတ်လမ်းတွဲ ဆုရရှိသူများကို ရွှေရောင်ဆုတံဆိပ်နဲ့ သိန်း (၃၀) စီ၊ ဖက်ရှင်ဆုရရှိသူများကို ရွှေ ၂ ကျပ်သားရှိတဲ့ ရွှေရင်ထိုးတို့ကို ချီးမြှင့်ပေးသွားမယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ သတင်းစာ ဆရာများအသင်းက ကြီးမှူးကျင်းပပြီး Stellar Seven Entertainment က Organizer အဖြစ် ပြုလုပ်တဲ့ Star
Awards ဆုပေးပွဲကြီးကို ဧပြီလ ၅ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ရှိ သုဝဏ္ဏဘူမိ Even
Park မှာ ကျင်းပပြုလုပ်နေတာဖြစ်ပါတယ်။