အမေရိကန်နိုင်ငံရဲ့ အကြီးဆုံးမြို့ကြီးနှစ်မြို့ဖြစ်တဲ့ နယူးယော့ခ်မြို့နဲ့ လော့စ်အိန်ဂျလိစ်မြို့တွေမှာ COVID-19 ရောဂါဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု လျှော့ချရေးအတွက် ကျောင်းများ၊ စားသောက်ဆိုင်များ၊ ကဇာတ်ရုံများ၊ ဘားဆိုင်များ၊ နိုက်ကလပ်များနဲ့ ရုပ်ရှင်များ ပိတ်ပင်ထားမယ်လို့ သိရပါတယ်။

(Photo: Reuters)
နယူးယော့ခ်နဲ့ လော့စ်အိန်ဂျလိစ် မြို့တော်ဝန်တွေက ထိုသို့ ပိတ်ပင်ထားရန် ညွှန်ကြားချက်ထုတ်ပြန်ခဲ့ကြောင်း မတ်လ ၁၅ ရက်နေ့မှာ အတည်ပြု ပြောကြားပါတယ်။ စားသောက်ဆိုင်၊ ဘားဆိုင် သို့မဟုတ် ကော်ဖီဆိုင်တွေအနေနဲ့ ပါဆယ်ဝယ်ယူမှု သို့မဟုတ် အိမ်အရောက်ပို့ဆောင်မှု စနစ်ဖြင့်သာ ရောင်းချနိုင်မယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။
"စားသောက်ဆိုင်တွေ၊ ဘားဆိုင်တွေနဲ့ ကော်ဖီဆိုင်တွေကို ပါဆယ်ဝယ်ယူမှုနဲ့ အိမ်အရောက်ပို့ဆောင်မှုဖြင့်သာ ရောင်းချဖို့ ကန့်သတ်မိန့်ထုတ်ပြန်မှာပါ၊ နိုက်ကလပ်တွေ၊ ရုပ်ရှင်ရုံတွေ၊ ကဇာတ်ရုံငယ်တွေနဲ့ ဂီတဖျော်ဖြေပွဲနေရာတွေကို အားလုံး ပိတ်ထားရမှာ ဖြစ်ပါတယ်" လို့ နယူးယော့ခ်မြို့တော်ဝန် Bill de Blasio က ပြောပါတယ်။
(Photo: Getty Images)
နယူးယော့ခ်မြို့မှာ အစောပိုင်းကတည်းက လူ ၅၀၀ ထက်ပိုပြီး လူစုလူဝေး မပြုလုပ်ရန် တားမြစ်ပိတ်ပင်ထားခဲ့တာလည်း ဖြစ်ပါတယ်။ လော့စ်အိန်ဂျလိစ်မြို့မှာတော့ အားကစားရုံတွေကိုပါ ပိတ်ထားရန် ညွှန်ကြားထားကြောင်း မြို့တော်ဝန် Eric Garcetti က ဆိုပါတယ်။ မတ်လ ၁၆ ရက် မနက်ပိုင်းအထိ စာရင်းတွေအရ အမေရိကန်မှာ COVID-19 ဗိုင်းရပ်စ် ကူးစက်ခံရသူ ၃,၇၇၄ ဦးရှိပြီး ၆၉ ဦး သေဆုံးခဲ့ကြောင်း BBC သတင်းမှာ ဖော်ပြပါတယ်။
ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ COVID-19 ကို ကမ္ဘာ့နေရာအနှံ့မှာ ဖြစ်ပွားနေတဲ့ ကူးစက်မြန် ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က မတ်လ ၁၁ ရက်နေ့မှာ ကြေညာထားပါတယ်။
(Photo: Getty Images)
ကမ္ဘာ့နိုင်ငံအသီးသီးမှာလည်း ဗိုင်းရပ်စ်ကူးစက်မှု တိုက်ဖျက်ရေးအတွက် အသွားအလာ ပိတ်ပင်ကန့်သတ်မှုတွေ စီမံဆောင်ရွက်နေကြကြောင်း သိရပါတယ်။ မတ်လ ၁၆ ရက် မနက်ပိုင်းအထိ ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၆၉,၄၈၄ ဦးနဲ့ သေဆုံးသူ ၆,၅၁၇ ဦးအထိ မြင့်တက်လာပြီး ပြန်လည်သက်သာသွားသူ ၇၇,၂၅၇ ဦး ရှိခဲ့ပါတယ်။