• Featured

    Blue Origin က စီးပွားဖြစ်အာကာသစခန်းတစ်ခု ဖွင့်လှစ်မည်

လာမယ့် ၂၀၂၅ နောက်ပိုင်းမှာ လုပ်ငန်းလည်ပတ်သွားမှာပါ
[Zawgyi Version]

ဂျက်ဖ်ဘီဇော့စ်ရဲ့ Blue Origin ဟာ အာကာသခရီးစဉ်စီမံကိန်းထက် ပိုပြီး ရည်မှန်းချက်ကြီးတဲ့ အစီအစဉ်သစ်တွေ စတင်နေပါတယ်။

ဂျက်ဖ်ဘီဇော့စ်ပိုင် အာကာသယာဉ်ကုမ္ပဏီ Blue Origin ဟာ ကိုယ်ပိုင်အာကာသစခန်းတစ်ခု တည်ဆောက်သွားမယ်လို့ တနင်္လာနေ့က ကြေညာလိုက်တာပါ။ Engadget သတင်းအရ ဒီအာကာသစခန်းကို Orbital Reef လို့ နာမည်ပေးသွားမှာ ဖြစ်ပြီး လုပ်ငန်းသုံးနဲ့ စီးပွားဖြစ် အာကာသစခန်းပုံစံမျိုး ဖြစ်လာမယ်လို့ ဆိုပါတယ်။ ဒီစီမံကိန်းကို ၂၀၂၅ ကနေ၂၀၃၀ အတွင်းမှာ လုပ်ငန်းလည်ပတ်မှုစတင်ဖို့လည်း စီမံထားပါတယ်။

Photo: clare people


Orbital Reef ကို Sierra Nevada ကော်ပိုရေးရှင်းပိုင် Sierra Space နဲ့ ပူးပေါင်းပြီး ဖွဲ့စည်း တည်ဆောက် လည်ပတ်သွားမယ်လို့လည်း ဆိုပါတယ်။ Sierra Space ဟာ Dream Chaser ဆိုတဲ့ အာကာသယာဉ်တစ်မျိုး တည်ဆောက်ထားတဲ့ အာကာသကုမ္ပဏီတစ်ခု ဖြစ်ပြီး ဒီအာကာသယာဉ်ဟာ လာမယ့် ၂၀၂၂ ခုနှစ်မှာ လုပ်ငန်းစတင်လည်ပတ်မှာ ဖြစ်ပြီး နိုင်ငံတကာအာကာသစခန်း ISS ကို ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်ပေးသွားမယ်လို့လည်း သိရပါတယ်။ 

Orbital Reef စီမံကိန်းကို Boeing ၊ Redwire Space ၊ Genesis Engineering Solutions နဲ့ Arizona State University တို့ကလည်း ထောက်ပံ့မှု လုပ်ဆောင်သွားမှာပါ။ Blue Origin ကုမ္ပဏီအနေနဲ့ Orbital Reef ကို ခရီးသည်နဲ့ ကုန်ပစ္စည်း ပို့ဆောင်ရေးအတွက် Sierra Space ထုတ် Dream Chaser နဲ့ Boeing ရဲ့ Starliner ယာဉ်တို့ကို အသုံးပြုသွားဖို့လည်း မျှော်လင့်ထားပါတယ်။ 

"အာကာသစခန်းကို ကုန်ကျစရိတ်နည်းနည်းနဲ့ အများသုံးနိုင်အောင် တိုးချဲ့သွားပါမယ်။ အာကာသခရီးစဉ်တွေ ချောမွေ့စေဖို့ လိုအပ်တဲ့ ဝန်ဆောင်မှုနဲ့ပံ့ပိုးမှုတွေ အားလုံးလည်း ပေးသွားမှာပါ"လို့ Blue Origin ရဲ့ အဆင့်မြင့်ဖွံ့ဖြိုးရေးအစီအစဉ်ဆိုင်ရာ အကြီးတန်းဒုဥက္ကဌ ဘရန့်တ် ရှီးယားဝုဒ်က ပြောပါတယ်။ 


Photo: The Verge


Blue Origin ရဲ့ အဆိုအရ Orbital Reef ဟာ လူ ၁၀ ဦးအထိ နေထိုင်နိုင်မယ်လို့ ဆိုပါတယ်။ ဒါဟာ ISS က ထောက်ပံ့ထားတဲ့ အရွယ်အစားနီးပါးလောက် ရှိတာပါ။ အထဲမှာ လူဗဟိုပြု အာကာသဖွဲ့စည်းတည်ဆောက်မှုနဲ့ ကမ္ဘာ့အဆင့် ဝန်ဆောင်မှုတွေလည်း ပါဝင်မယ်လို့ ကုမ္ပဏီက ပြောပါတယ်။ အာကာသယာဉ်နဲ့ modules တွေ လာရောက်တည်းခိုဖို့အတွက် နေရာအများအပြားလည်း ပါရှိမှာ ဖြစ်ပြီး လူမျိုးမရွေး နိုင်ငံမရွေး သုံးနိုင်မယ့် Open System ဖြစ်အောင် ဖော်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။ 

လက်ရှိမှာ Blue Origin ဟာ ကမ္ဘာပတ်ခရီးသွားအစီအစဉ်ကို စတင်လုပ်ဆောင်နေပြီ ဖြစ်ပြီး အာကာသခရီးသည် ၈ ဦးအထိ ပို့ဆောင်ပျံသန်းထားတာပါ။ Blue Origin ဟာ Orbital Reef ရဲ့ modules တွေ လွှင့်တင်ဖို့ New Glenn ဒုံးပျံနဲ့ Blue Moon လဆင်းယာဉ်စီမံကိန်းတွေလည်း တည်ဆောက်နေပါတယ်။ 

Share

Loading Next Article...