တန်ဖိုးကြီး Tesla Model S နဲ့ တန်ဖိုးတူ စက်ရုပ်တစ်မျိုးကို Boston Dynamics မှ အမေရိကန်ဈေးကွက်မှာ ရောင်းချနေပြီ ဖြစ်ပါတယ်။
စက်ရုပ်ကုမ္ပဏီကြီးဖြစ်တဲ့ Boston Dynamics ဟာ ခြေလေးချောင်းပါ Spot စက်ရုပ်ကို နှစ်ပေါင်းများစွာ တီထွင်ဖွံ့ဖြိုးမှု လုပ်ခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ထဲမှာ စီးပွားရေးလုပ်ငန်းများအတွက် ငှားရမ်းခဲ့တာပါ။ အခုချိန်မှာ စိတ်ဝင်စားတဲ့ အမေရိကန်ကုမ္ပဏီတိုင်း ဒေါ်လာ ၇၄၅၀၀ ဈေးနဲ့ ရောင်းချသွားမှာ ဖြစ်တယ်လို့ The Verge သတင်းက ဆိုပါတယ်။
Photo: venturebeat
ဒါပေမယ့်လည်း ဖောက်သည်တစ်ယောက်အနေနဲ့ Spot စက်ရုပ် အများဆုံး နှစ်ရုပ်ပဲ ဝယ်နိုင်မှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဈေးမြောက်လွန်းပေမယ့် ဒီစက်ရုပ်ဟာ ကမ္ဘာပေါ်က အဆင့်မြင့်ဆုံး မိုဘိုင်းစက်ရုပ်ဖြစ်ပြီး ဘယ်နေရာမဆို လူတစ်ယောက်လုပ်နိုင်သလောက် လုပ်နိုင်မယ်လို့ ကုမ္ပဏီက ကြေညာထားပါတယ်။ Spot စက်ရုပ်ဟာ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေရဲ့ 3D မြေပုံများ ဖန်တီးနိုင်သလို ကမ်းလွန်ရေနံတူးစင်တွေမှာ သုံးတဲ့ စက်ယန္တရားတွေရဲ့ ချို့ယွင်းချက်ကို ရှာဖွေနိုင်ပါတယ်။
အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်တွေမှာလည်း သွားလာနိုင်သလို လမ်းကြောင်းတိုင်းမှာ သွားလာနိုင်အောင်လည်း ဒီဇိုင်းထုတ်ထားတာပါ။ ရည်ရွယ်ချက်မျိုးစုံနဲ့ သုံးနိုင်အောင် ထုတ်ထားတဲ့ စက်ရုပ်ဖြစ်ပြီး စစ်ဆေးစောင့်ကြည့်ဖို့အတွက် အာရုံခံစနစ်အမျိုးမျိုးလည်း လိုသလို တပ်ဆင်နိုင်မှာ ဖြစ်ပါတယ်။ ဝယ်ယူသူတွေဆီက တုန့်ပြန်မှုကိုလည်း စောင့်ကြည့်ပြီး Spot စက်ရုပ်ကို အဆင့်မြှင့်သွားမယ်လို့ ကုမ္ပဏီက ဆိုပါတယ်။
အဆင့်မြှင့်ထားတဲ့ Spot 2.0 ဟာ ပိုပြီး အဆင့်မြင့်တဲ့ အလိုအလျောက်စနစ်နဲ့ လမ်းကြောင်းပြ features တွေ ထည့်သွင်းထားပါတယ်။ Spot Explorer မှာ စက်ရုပ် ၊ ဘက်ထရီနှစ်ခု ၊ ဘက်ထရီအားသွင်းစက် ၊ တက်ဘလက် controller အထိန်းစက် ၊ စက်ရုပ် case ၊ power case နဲ့ Spot APIs အတွက် Pyton client packages တို့လည်း ပါမှာပါ။
Spot စက်ရုပ်ကို အချိန်အကန့်အသတ်နဲ့ Free Shipping တင်ပို့သွားမှာ ဖြစ်ပြီး ပစ္စည်းပို့ချိန်ဟာ ၆ ပတ်ကနေ ၈ ပတ်အထိ ကြာမယ်လို့ Boston Dynamics ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ Spot စက်ရုပ်ကို အချက်အလက်စုဆောင်းရေး ၊ ထုတ်လုပ်ရေးနဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်များ ၊ အဝေးထိန်းစောင့်ကြည့်မှု လုပ်ငန်းများ ၊ စွမ်းအင်ထုတ်လုပ်မှု နယ်ပယ်နဲ့ သုတေသနလုပ်ငန်းများမှာ သုံးနိုင်မှာ ဖြစ်ပါတယ်။