• Bubble Tea ကစပြီး စီချွမ်ဟော့ပေါ့အထိ တစ်နေရာတည်းအစုံရတဲ့ လှည်းတန်း Food Court

ဈေးနှုန်းလည်းသက်သာပြီး လူငယ်တွေအကြိုက်တွေ့စေမယ့် နေရာလေးဖြစ်ပါတယ်။

လူငယ်တွေ အများဆုံးလာကြတဲ့ လှည်းတန်းမှာ ဈေးသက်သက်သာသာနဲ့ စားသောက်စရာလည်းအစုံအလင်ရ၊ နေရာထိုင်ခင်းလည်းကောင်းတဲ့ မကြာသေးခင်ကမှ အသစ်ဖွင့်ထားတဲ့ Hlaedan Food Court လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

image
အသေးစားလုပ်ငန်းတွေကို ဦးစားပေးဖို့ ရည်ရွယ်

လှည်းတန်းလို လူစည်ကားတဲ့ နေရာတွေမှာ ဈေးဆိုင်ခန်းလေးတစ်ခုဖွင့်နိုင်ဖို့ တပိုင်တနိုင် စီးပွားရေးလုပ်ချင်သူတွေအတွက် လွယ်ကူတဲ့ကိစ္စတစ်ခုတော့မဟုတ်ပါဘူး။ ဒါကြောင့် ငွေသိန်း (၂၀) ဝန်းကျင်လောက်နဲ့ စားသောက်ဆိုင်ငယ်လေးတွေ ဖွင့်နိုင်အောင် ရည်ရွယ်ပြီးတော့ ဒီလို Food Court နေရာလေးဖန်တီးဖြစ်ခဲ့တာဖြစ်တယ်လို့ Hlaedan Food Court တာဝန်ရှိသူက မသွဲ့လေးက ပြောပါတယ်။

“ ဒီလှည်းတန်းလမ်းမှာ ဆိုင်ခန်းတွေက အရင်းအနှီးများတယ်လေ။ ဆိုင်တစ်ဆိုင် လုပ်ဖို့ ဆို သိန်း (၁၀၀) လောက် အရင်းအနှီးလုပ်ရတယ်။ ဒီအချိန်မှာ စီးပွားရေးတွေ ကျပ်တည်းနေတော့ အရင်းအနှီးနည်းနည်းလေးနဲ့ တပိုင်တနိုင် လုပ်ချင်တဲ့သူတွေကို ဦးစားပေးတာပါ။ ဒီမှာဆို လမ်းဘေးဆိုင်မဟုတ်ဘဲ ဆိုင်ခန်းလေးနဲ့ သပ်သပ်ရပ်ရပ်လေးဖြစ်တယ်။ “ ” လို့ မသွယ်လေးကဆိုပါတယ်။


ဈေးလဲတန်၊အမျိုးအစားလည်းစုံတဲ့ အပြင် လူငယ်တွေအကြိုက်အပြင်အဆင်တွေဖန်တီးထား

လှည်းတန်းကို လာကြတဲ့သူတွေက လူငယ်အများစုဖြစ်ပါတယ်။ ဒါကြောင့်မို့အစားအသောက်တွေက ဈေးနှုန်းလည်းသက်သာတဲ့ အပြင် အလှဓာတ်ပုံလေးတွေလည်း ရိုက်လို့ရတဲ့နေရာလေးအဖြစ် ဖန်တီးပြင်ဆင်ထားတာ တွေ့ရပါတယ်။ ဒါ့အပြင် ညနေခင်းမှာ သီးချင်းသံနားထောင်ရင်း သူငယ်ချင်းတွေ အေးအေးဆေးဆေးနဲ့ အပန်းဖြေလို့ရအောင် Unplugged Music Band ပါစီစဥ◌်ပေးထားတာကတော့ လူငယ်တွေအကြိုက်တွေ့စေမှာပါ။

“ ဒီကိုလာတဲ့သူတွေက ကလေးတွေများတယ်။ ဒါကြောင့်မို့ အရသာလည်း ကောင်းရမယ်။ ဈေးနှုန်းလည်း အဆင်ပြေရမယ်။ ပြီးတော့ နေရာထိုင်ခင်းကလည်း သက်တောင့်သက်သာရှိရမယ်။ အစားအသောက်ဆိုလည်း အမျိုးအစားမတူတာလေးတွေ လုပ်ထားတယ်။ စားသောက်စရာအစုံအလင်ကို တစ်နေရာတည်းမှာ ရနိုင်အောင် လုပ်ထားတာပါ။ လူငယ်တွေအကြိုက် ဓာတ်ပုံရိုက်လို့ရမယ့် နေရာလေးတွေ၊ သီချင်းလေးနားထောင်ရင်း စားလို့ရအောင် Music Band တွေပါ လုပ်ပေးထားပါတယ်” လို့ Hlaedan Food Court တာဝန်ရှိသူမသွယ်လေးက ဆိုပါတယ်။

လှည်းတန်းမုန့်ဈေးတန်း ရောက်ရင် ဘာတွေစားမလဲ။

ဒီနေရာမှာ စားသောက်ဆိုင် (၁၀) ဆိုင်ရှိပြီး မုန့်ဟင်းခါး၊ စီချွမ်ဟော့ပေါ့၊ မောက်ချိုက်၊ ငါးကင်နဲ့ အကင်စုံ၊ ကြက်ကြော်မျိုးစုံနဲ့ ဟမ်ဘာဂါ၊ ကွေ့သယို၊ ယိုးဒယားအထောင်းစုံ၊ ရှမ်းအစားအစာမျိုးစုံ၊ သစ်သီးစုံဖျော်ရည်အအေးမျိုးစုံနဲ့ Bubble Tea တို့ဖြစ်ပါတယ်။ ဈေးနှုန်းတွေကတော့ အမျိုးအစားအလိုက် အနည်းဆုံး (၇၀၀) ကျပ်ကနေ ၃,၀၀၀၊ ၄,၀၀၀ ကျပ် ဝန်းကျင်ခန့်ဖြစ်ပါတယ်။

“ ဆိုင်ကတော့ (၁၀) ဆိုင်ပေါ့။ အစ်မတို့က တစ်ဆိုင်နဲ့ တစ်ဆိုင် အစားအသောက် အမျိုးအစားတူလို့မရဘူး။ ဈေးနှုန်းကတော့ ဆိုင်ခန်းပိုင်ရှင်တွေကို ပြောထားတယ်။ ဒီမှာက ဘယ်လို လူတွေ လာစားတတ်လဲ။ ပတ်ဝန်းကျင်လေ့လာခိုင်းပြီးတော့ အဆင်ပြေနိုင်မယ့် ဈေးနှုန်းနဲ့ ရောင်းပေးဖို့ ပြောပါတယ်။ Food Court ကို ဇွန်လ (၁) ရက် စဖွင့်တာပါ။ ဖွင့်တာ (၁၀) ရက်ကျော်ပဲ ရှိပါသေးတယ်။ ဒီမှာ သင်တန်းသမားတွေ၊ လူငယ်တွေလည်း များတော့ တော်တော်လာကြပါတယ်။ Page ကနေ တွေ့ပြီးတော့ အဝေးကနေ တကူးတက ဒီနေရာကို လာစားကြတာပါ” လို့ Hlaedan Food Court တာဝန်ရှိသူ မသွယ်လေးက ပြောပါတယ်။

လှည်းတန်းမုန့်ဈေးတန်း သွားချင်တဲ့သူတွေအတွက်

Hlaedan Food Court ကတော့ ကမာရွတ်မြို့နယ်၊ ဥ◌ီးထွန်းလင်းခြံလမ်းမပေါ်၊ ကန္ဒီရီဖန်စီဆိုင်ရဲ့ ကပ်ရပ် လမ်းကြားလေးထဲကိုဝင်သွားရတဲ့ နေရာလေးဖြစ်ပါတယ်။ ဖွင့်ချိန်ကတော့ မနက် (၈) နာရီကနေ ည (၈) နာရီအထိ ဖွင့်လှစ်ထားပါတယ်။ ဒါကြောင့်မို့ လှည်းတန်းကို ခဏခဏ ရောက်နေပေမယ့် မုန့်ဈေးတန်းကို မရောက်တဲ့သူတွေအတွက် တစ်ခါလောက် သွားကြည့်ဖို့ ညွှန်းပေးလိုက်ပါတယ်နော်။

Share

Loading Next Article...
က္က